close

နျူဓာတ်အားပေးစက်ရုံ

close

November 22, 2022

နျူဓာတ်အားပေးစက်ရုံများ ဖျက်ဆီးမခံရရေး ကာကွယ်ရန် နေတိုးကို ယူကရိန်းသမ္မတ တိုက်တွန်း

ရုရှားနိုင်ငံက ထိန်းချုပ်ထားတဲ့ ယူကရိန်း နျူးကလီးယားစက်ရုံတွေကို အဖျက်ဆီးမခံရအောင် ကာကွယ်ဖို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) အဖွဲ့ဝင်တွေကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တိုက်တွန်းခဲ့ပါတယ်။

ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံ အပြင်းအထန် ပစ်ခတ်ခံရပြီးနောက် တရက်အကြာ  နိုဝင်ဘာ ၂၁ ရက်က ခုလို တိုက်တွန်းလိုက်တာပါ။

“ကျနော်တို့ အသိုက်အဝန်းထဲက နိုင်ငံအားလုံးဟာ ကျနော်တို့ရဲ့ နျူးကလီးယားစက်ရုံတွေမှာ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေ မဖြစ်စေချင်ကြပါဘူး” လို့ စပိန်နိုင်ငံ မက်ဒရစ်မြို့က နေတိုးလွှတ်တော်အစည်းအဝေးဆီ ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းထဲမှာ ဇလန်းစကီးက ပြောလိုက်တာပါ။

“ကျနော်တို့အားလုံးဟာ ရုရှားဒုံးကျည်တွေနဲ့ နျူးကလီးယားစက်ရုံတွေကို ရုရှားရဲ့ ဖျက်ဆီးမှုကနေ အာမခံချက်ရှိတဲ့ အကာအကွယ်တွေ လိုအပ်ပါတယ်။” 

ယူကရိန်းတောင်ပိုင်းက ဇာပိုရစ်ချ်ဇီယာ စက်ရုံထဲကို နိုဝင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေက အမြောက်ကျည် ကျရောက်ခဲ့တာပါ။

၁၉၈၆ ခုနှစ် ကမ္ဘာ့အဆိုးရွားဆုံး နျူးကလီးယားဘေးအန္တရာယ်ဖြစ်ပွားရာ ချာနိုဘိုင်းဒေသကနေ မိုင် ၃၀၀ အကွာမှာ ပြင်းထန်တဲ့ မတော်တဆမှု ဖြစ်နိုင်ချေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ဟာ ရှေ့တန်းစစ်မျက်နှာနားက ရုရှားထိန်းချုပ်နယ်မြေမှာရှိတဲ့ စက်ရုံကို တိုက်ခိုက်ခံရမှုအတွက် တဖက်နဲ့တဖက် အပြစ်တင်ခဲ့ကြပါတယ်။

သီတင်းပတ်ကုန်ရက်က ပစ်ခတ်မှုမှာ ဘယ်သူ့ဘက်က တာဝန်ရှိတယ်ဆိုတာကို ရိုက်တာက သီးခြား အတည်မပြုနိုင်သေးပါဘူး။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ) က ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့က ဒီတိုက်ခိုက်မှုတွေက ကြီးမားတဲ့ ဘေးဥပဒ်အန္တရာယ်တွေကို ဖြစ်စေတယ်လို့ ပြောပါတယ်။

ဇလန်းစကီးက ရုရှားတပ်ဖွဲ့တွေဟာ အရေးကြီးတဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဗုံးကြဲပြီး သူတို့ရဲ့ ‘လူမျိုးတုံးသတ်ဖြတ်မှု မူဝါဒ’ နဲ့ ပတ်သက်လို့ ရုရှားအစိုးရကို အီးယူက ပိတ်ဆို့အရေးယူမှုအသစ်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံထဲက အရပ်သားတွေကို တမင် ပစ်မှတ်မထားဘူးလို့ ငြင်းပေမဲ့ လျှပ်စစ်ဓာတ်အားနဲ့ တခြားအခြေခံအဆောက်အအုံတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ လှုပ်ရှားမှုကိုတော့ အသိအမှတ်ပြုထားပါတယ်။

7 mins Ago

January 13, 2020

ကနေဒါ နျူဓာတ်အားပေးစက်ရုံ မှားယွင်းသတိပေးချက် ထုတ်ပြန်

ကနေဒါနိုင်ငံရဲ့အကြီးဆုံးမြို့ တိုရွန်တိုနားက နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကြီးမှာ မတော်တဆဖြစ်လို့ ဇန်နဝါရီ ၁၂ ရက်က တပ်လှန့်အချက်ပေးသံကို မှားယွင်း ထုတ်ပြန်ခဲ့မိပါတယ်။ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ အိုတေရီအိုခရိုင်သား လက်ကိုင်ဖုန်း သုံးသူ တယောက်ဟာ ပစ်ကာရင်း နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာ မတော်တဆ ဖြစ်နေတယ်ဆိုတဲ့ တပ်လှန့် သတိပေးချက်ကို လက်ခံရရှိခဲ့တာပါ။ အွန်တေရီအို စွမ်းအင်ထုတ်လုပ်ရေးအာဏာပိုင်တွေက အချိန်တနာရီ မပြည့်ခင်မှာပဲ တပ်လှန့်ချက် မှားယွင်း ထုတ်ပြန်မိကြောင်း ပြောခဲ့ပါတယ်။ “အရေးကြီးတဲ့ နောက်ဆက်တွဲသတင်းပါ။ ပြည်သူတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ဘယ်လိုအန္တရာယ်မှ မရှိဘူး”လို့ တွစ်တာလူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့  အသေးစိတ် ရှင်းလင်းတာတော့ မလုပ်ခဲ့ပါဘူး။ တိုရွန်တိုမြို့လယ်အရှေ့ပိုင်း မိုင် ၃၀ အကွာမှာရှိတဲ့ အွန်တေရီအိုရေကန် ကမ်းခြေက စက်ရုံမှာ ဘယ်လို ပုံမှန်မဟုတ်တဲ့ ယိုစိမ့်မှုမှ မဖြစ်ခဲ့ဘူးလို့လည်း ကနဦးသတင်းစကား ဆိုပါတယ်။ တိုရွန်တိုမြို့တော်ဝန်ကတော့ မြို့ခံ ၃ သန်းလောက်ဟာ မလိုအပ်ဘဲ တပ်လှန့်ခံရတယ်။ မဖြေနိုင်တဲ့ မေးခွန်းတွေ များလွန်းတယ်လို့ ပြောဆို ဝေဖန်ခဲ့ပါတယ်။  ဒီစက်ရုံဟာ အင်အားပြည့်လည်ပတ်နေချိန်မှာ လျှပ်စစ် ၃၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိပြီး ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေထဲက တခု ဖြစ်ပါတယ်။
3 years Ago
Up