close

နျူးကလီးယားထိပ်ဖူး

close

March 25, 2023

မြောက်ကိုရီးယားက နျူးကလီးယားထိပ်ဖူးတပ် ဒရုန်းလက်နက် စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံဟာ နျူးကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ရေအောက်တိုက်ခိုက်ရေး ဒရုန်းလက်နက်အသစ်တခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒီလက်နက်ဟာ ရေဒီယိုသတ္တိကြွ ဆူနာမီရေလှိုင်းကြီးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ မတ်လ ၂၄ ရက်က နိုင်ငံပိုင်မီဒီယာမှာ သတင်းဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်မှာ ဒေသတွင်းတင်းမာမှုကို မြင့်တက်လာစေတယ်ဆိုပြီး မြောက်ကိုရီးယားဘက်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံ KRT က ဖော်ပြခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုအတွင်း မြောက်ကိုရီးယား ဒရုန်းအသစ်ဟာ ရေအောက်အနက် မီတာ ၈၀ ကနေ မီတာ ၁၅၀ အကွာမှာ ၅၉ နာရီ ကျော်ကြာ ဖြတ်သန်းသွားခဲ့ပြီးနောက် အရှေ့ဘက်ကမ်းလွန်ရေပြင်ထဲမှာ ဒါကို ဖောက်ခွဲပစ်ခဲ့တယ်လို့ ပြသထားပါတယ်။

“ဟိုင်းလ်” ဒါမှမဟုတ် “ဆူနာမီ” လို့ အမည်ပေးထားတဲ့ ဒရုန်းစနစ်အသစ်ဟာ ရန်သူ့ရေပိုင်နက် အတွင်း တိတ်တဆိတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဒီလို ရေအောက်ပေါက်ကွဲမှုကတဆင့် ရေဒီယိုသတ္တိ အလွန်မြင့်မားတဲ့ ရေလှိုင်းကြီးတွေနဲ့အတူ တဖက်ရန်သူရဲ့ တိုက်ခိုက်ရေးဆိုင်ရာ ရေတပ် တပ်ဖွဲ့တွေနဲ့ အဓိကလုပ်ငန်းလည်ပတ်ရာ ဆိပ်ကမ်းတွေကို ဖျက်စီးပစ်နိုင်ဖို့အတွက်လည်း ပါဝင်တယ်ဆိုပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ဗျူဟာမြောက် နျူးကလီးယား တိုက်ခိုက်ရေး မစ်ရှင်တွေအတွက် လေ့ကျင့်မှုလုပ်ဆောင်တဲ့အနေနဲ့ မတ်လ ၂၂ ရက်က ခရုဇ်ဒုံးကျည်တွေကို ပစ်ခတ်ခဲ့တယ်လို့လည်း KRT ရုပ်သံကတဆင့် အတည်ပြုပါတယ်။

တောင်ကိုရီးယား စစ်တပ်ကလည်း ဒီကိစ္စအပေါ်မှာ အစောပိုင်းသတင်းဖော်ပြချက်တွေအရ အတည်ပြုထားပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ မဆင်မခြင် ရန်စမှုတွေအတွက် တန်ရာတန်ကြေး ပေးဆောင်ရလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးက မတ်လ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားက နျူးကလီးယား စွမ်းရည်ရှိတဲ့ ရေအောက်တိုက်ခိုက်ရေး မောင်းသူမဲ့ လေယာဉ်သစ်ကို စမ်းသပ်ခဲ့ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာမှာပဲ သမ္မတ ယွန်းက ပြောလိုက်တာပါ။

“မြောက်ကိုရီးယားဟာ နေ့စဉ်နဲ့အမျှ သူ့ရဲ့ နျူးကလီးယားလက်နက်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး မကြုံစဘူး ပြင်းထန်တဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို လုပ်ဆောင်နေတယ်” လို့လည်း ဆိုပါတယ်။

၂၀၁၀ ပြည့်နှစ်က မြောက်ကိုရီးယား တော်ပီဒို ထိမှန်လို့ တောင်ကိုရီးယား ရေတပ်သင်္ဘော နစ်မြုပ်မှု အပါအဝင် အနောက်ပိုင်းရေပြင်မှာ မြောက်ကိုရီးယားနဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ စစ်မှုထမ်းတွေအတွက် ဂုဏ်ပြုမိန့်ခွန်း ပြောကြားချိန်မှာ သမ္မတ ယွန်းက ထည့်သွင်းပြောသွားပါတယ်။

ဆိုးလ်အစိုးရနဲ့ စစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်တဲ့ တောင်ကိုရီးယားရဲ့ ဝင်ရိုး ၃ ခု စနစ်ကို သိသိသာသာ အားကောင်းစေမှာဖြစ်ပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့အကြား၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ကြားက လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့လည်း နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ လေကြောင်းရန်ကာကွယ်ရေးနဲ့ လက်တုံ့ပြန်ရေး စွမ်းရည်တို့ကို ရည်ညွှန်းပြီး သမ္မတက ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်သင့်ကြောင်း သတိပေး ပြောဆိုထားတာဖြစ်ပြီး ဒီနေ့အစောပိုင်းကလည်း နျူးကလီးယားသုံး ရေအောက်တိုက်ခိုက်ရေးဒရုန်းကို စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြောကြားသွားပါတယ်။

3 days Ago
Up