close

နွေရာသီ

close

March 6, 2023

နွေရာသီ အပူပိုင်းမုန်တိုင်း ထိုင်းမိုးဇလ သတိပေး

ထိုင်းနိုင်ငံမှာ ယမန်နေ့ မတ်လ ၅ ရက်နေ့ကစပြီး နွေရာသီထဲဝင်ရောက်ပြီလို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

နွေရာသီဝင်ရောက်လာတဲ့အတွက် ဧပြီလလယ်မှာ နေ့အပူချိန်တွေ ၄၀ ဒီဂရီစင်တီဂရိတ် မှ ၄၃ ဒီဂရီစင်တီဂရိတ်ထိ သိသာစွာမြင့်တက်လာမှာဖြစ်ကြောင်း၊ အပူရှိန်မြင့်လာတာနဲ့အမျှ မတ်လ ၁၀  ရက်နောက်ပိုင်း နဲ့ ဧပြီလလယ်အတွင်း ရာသီဥတုဖောက်ပြန်နိုင်ကြောင်း၊ အထူးသဖြင့် ထိုင်းမြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်း ဒေသအချို့မှာ အပူပိုင်းမုန်တိုင်း ဝင်ရောက်နိုင်ပြီး လေပြင်းတိုက်ခြင်း၊ မိုးသည်းကျွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ 

နွေရာသီကာလဟာ မေလလယ်ကုန်ဆုံးမှာဖြစ်ပြီး ထိုင်းမြောက်ပိုင်းဒေသ အအေးလျော့လာ မယ်လို့ ဆိုပါတယ်။ 

မတ် ၆ ရက်မှ ၁၁ ရက်နေ့တွေအတွင်း ထိုင်းမြောက်ပိုင်းဒေသ အထူးသဖြင့် မယ်ဟောင် ဆောင်ခရိုင်မှာ  မနက်ပိုင်း ၁၇ မှ ၂၀ ဒီဂရီစင်တီဂရိတ်ထိ အေးမြပြီး နေ့လယ်နေ့ခင်း အပူချိန် ၃၄ မှ ၃၅ စင်တီဂရိတ်မြင့်နိုင်ပါတယ်။ မိုးရွာသွန်းမှု မရှိပါဘူး။ 

ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသ အထူးသဖြင့် နခွန်းဖနုန်နဲ့ လွေးခရိုင်မှာ မနက် အပူချိန် ၁၆ မှ ၁၉ စင်တီဂရိတ်၊ နေ့လယ်နေ့ခင်း ၃၄ မှ ၃၅ စင်တီဂရိတ်ထိရှိနိုင်ပါတယ်။ 

ထိုင်းအလယ်ပိုင်း ကန်ကျနပူရီမှာ မနက်အပူချိန် ၁၉ မှ ၂၄ စင်တီဂရိတ် နေ့လယ်နေ့ခင်း ၃၄ မှ ၃၅ စင်တီဂရိတ်၊ စမွတ်စခွန်းခရိုင်မှာလည်း ၃၅ စင်တီဂရိတ်ထိ မြင့်နိုင်ပါတယ်။ 

ထိုင်းအရှေ့ပိုင်းမှာလည်း မနက် ၁၈ စင်တီဂရိတ်မှ နေ့ခင်း ၃၅ စင်တီဂရိတ်ထိ ပူပြင်းပြီး မိုးမရှိပါဘူး။ 

ထိုင်းတောင်ပိုင်းမှာ မိုးရွာသွန်းမှာဖြစ်ပေမယ့် ဒေသတခုလုံးရဲ့ ၁၀ - ၁၁ ရာခိုင်နှုန်းမှာသာ ရွာသွန်းမှာဖြစ်ကြောင်း၊ အဆိုပါဒေသတွေမှာ စူရတ်ဌာနီ၊ ဖတ်ထလုန်း၊ နခွန်းဆီထမရတ်၊ ရနောင်း၊ ဖန်ငါး၊ ဖူးကစ်စတဲ့ခရိုင်တွေမှာ မိုးအနည်းငယ်ရွာသွန်းမှုရှိပါမယ်။ 

ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ မီတာထိ မြင့်တက်လာနိုင်လို့ ငါးဖမ်းလှေတွေ သတိထားရပါမယ်။ 

ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာမှာ မနက်အပူချိန် ၂၁ မှ ၂၃ စင်တီဂရိတ်၊ နေ့လယ်နေ့ခင်း ၃၃ မှ ၃၅ စင်တီဂရိတ်ရှိနိုင်ပါတယ်။ 

ဘန်ကောက်အနီးတဝိုက် မီးခိုးမြူတွေ PM 205 ထိ စံချိန်တင်မြင့်တက်နေကြောင်း၊ မတ်လအတွင်း ထိုင်းနိုင်ငံ နေရာအတော်များများမှာ မိုးခိုးမြူ လိမ္မော်ရောင် အဆင့်နယ်မြေဖြစ်နေတာကြောင့် အပြင်ထွက်တိုင်း မီးခိုးမြူအကာအကွယ်နှာခေါင်းစည်းတွေ တပ်ဆင်ဖို့ မိုးဇလဌာနက သတိပေးထားပါတယ်။ 

ကိုးကား - မတ် ၆ ရက်မနက် ချနယ်လ် ၇ ထိုင်းတီဗွီသတင်း 

14 seconds Ago

January 23, 2021

စစ်ကိုင်းတိုင်းတွင် လာမည့်နွေရာသီ ကျေးရွာပေါင်း ၃၀ ရေရှားနိုင်

စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၇ ခုအနက် ၁၂ မြို့နယ်က ကျေးရွာပေါင်း ၃၀ ဟာ လာမယ့်နွေရာသီမှာ ရေရှားပါးနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းက စစ်ကိုင်းတိုင်းအတွင်းမှာ နေရာတိုင်း မိုးရွာတာမျိုးမဟုတ်ဘဲ ကွက်ကြားမိုးအဖြစ်နဲ့သာ ရွာသွန်းခဲ့တာပါ။

စစ်ကိုင်းတိုင်း‌ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက "ပြီးခဲ့တဲ့နှစ်က မိုးရွာသွန်းမှုအနေထားက နေရာတိုင်းမဟုတ်ဘူး။ အဲ့ဒါကြောင့် အပေါ်ယံမြေကြော၊ ရေကြော ခန်းခြောက်နိုင်တဲ့အတွက် အခုလို ခန့်မှန်းရတာပါ။ ‌ပြောချင်တာက အဓိကကတော့ ရေတွင်းတူးမရတာတို့၊ လက်တူးတွင်းတွေမှာ မှီခိုနေရတာတို့၊ မိုးရေလှောင်ကန်တွေမှာ အားကိုးနေရတဲ့ ရွာတွေမှာ ရေရှားပါးမှုပြဿနာ ဖြစ်နိုင်ရာကို တွက်ချက်ခန့်မှန်းရတဲ့သဘောပါ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတွေအနေနဲ့ လာမယ့်နွေရာသီကာလအတွင်းမှာ သောက်သုံးရေပြတ်လပ်မှုတွေနဲ့ ကြုံတွေ့လာရင် သက်ဆိုင်ရာမြို့နယ်က ကျေးလက်ဦးစီးဌာနတွေထံ အကြောင်းကြားကြဖို့ကိုလည်း နှိုးဆော်တိုက်တွန်းထားတယ်လို့ သိရပါတယ်။

အခုလို ‌သောက်သုံးရေပြတ်လပ်တာတွေကြောင့် အကြောင်းကြားလာမယ့် ကျေးရွာတွေအတွက် ဌာနပေါင်းစုံနဲ့ အများပြည်သူ အလှူရှင်တွေပူးပေါင်းကာ ရေပေးဝေတာတွေကို ပြုလုပ်သွားမှာဖြစ်သလို ကွင်းဆင်းစစ်ဆေးပြီး ရေရှည်လုပ်ဆောင်သွားရမယ့် လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၁၈၁ ရွာကို ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ရန်ပုံငွေထဲက ကျပ်သန်းပေါင်း ၃၃၂၇ သန်းကျော် အသုံးပြုပြီး ရေရရှိရေးအတွက် ဆောင်ရွက်ပေးသွားမယ်လို့ သိပါတယ်။

ရန်နိုင်စိုး

2 years Ago
Up