close

နွေဦးဇင်

close

April 27, 2023

လူမှုဒုက္ခအဝဝ ၏ တရားခံမှာ စစ်အုပ်စုသာဖြစ်သည်

မနက် မိုးလင်းပါပြီ။

နေ့သစ်တနေ့ ရောက်လာပြန်ပါပြီ။

မနက်မိုးလင်းကအစ ညမိုးချုပ်တဲ့အထိ စိတ်ဆင်းရဲမှုများစွာ ခံစားနေရတာက မြန်မာပြည်သူတွေ ဖြစ်သည်။ နေ့နေ့ညည အနိဋ္ဌာရုံတွေ ကြုံတွေ့နေရတာက မြန်မာပြည်သူတွေ ဖြစ်သည်။ နေ့စဉ်မပျက် စိတ်ဆင်းရဲသောကရောက်ကာ ကမ္ဘာကြီး၏ လျစ်လျူရှုမှုကို ခံနေရတာကလည်း မြန်မာပြည်သူပြည်သား‌တွေပဲ ဖြစ်သည်။ မြန်မာပြည်တွင် မြို့လည်း မြို့အလျောက်၊ တောလည်း​ တောအလျောက် ဆင်းရဲဒုက္ခတွေက နေ့တိုင်းလိုလိုပင် တွေ့မြင် ကြားသိနေရ၏။

ကျေးလက်တောရွာမှာ ကြုံတွေ့ရသည့် ဆင်းရဲဒုက္ခ ဆိုသည်မှာ လက်နက်ကြီးနဲ့ ထုခံရတာ၊ လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခံရတာမျိုး ဖြစ်သည်။ အိမ်မီးရှို့ခံရတာမျိုး၊ ရွာလုံးကျွတ် ထွက်ပြေးရတာမျိုး ဖြစ်သည်။ မီးရှို့သတ်ဖြတ်ခံရတာမျိုး ဖြစ်သည်။ ကျေးလက်တောရွာက ဒုက္ခများမှာ တိုက်ရိုက်ဆန်သည်။ ဆိုလိုသည်မှာ ကျေးလက်ဝောာရွာ၌ ကြုံ‌တွေ့နေရသော ဒုက္ခကြီးငယ်မဟူ စစ်ခွေးတွေကြောင့်ဆိုသည်မှာ သိသာထင်ရှားသည်။ 

မြို့ပေါ်မှာတော့ အနည်းငယ် ကွဲပြားသယောင်။ မြို့‌ပြလူထုမှာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံစားနေရသည်။ အလုပ်အကိုင် ရှားပါးမှု​​ပြဿနာကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။ ဝင်ငွေ ထွက်ငွေ မမျှတမှုဒဏ်ကို ခါးစည်းခံနေကြရသည်။ နေ့ရောညပါ ရှောင်တခင် စစ်ဆေးရိုက်နှက်မှုဒဏ်ကို နာနာကျင်ကျင် ခံနေကြရသည်။ ခိုးဆိုးလုနှိုက်တွေကြောင့် စိတ်ရောကိုယ်ပါ မလုံခြုံမှုဒဏ်ကို ပင်ပန်းဆင်းရဲကြီးစွာ ခံစားနေကြရသည်။ ဒီလူမှုဒုက္ခအားလုံး စစ်ခွေးတွေကြောင့်ဖြစ်သည်ကို တချို့က နားလည်ချင်မှ နားလည်မည်။ နားဝေတိမ်တောင် ဖြစ်တဲ့သူလည်း ရှိလိမ့်မည်။ အကြောင်းမူ မြို့ပြက လူမှုဒုက္ခအဝဝက ကျေးလက်ဝောာရွာလောက် တိုက်ရိုက်မခံရခြင်းကြောင့် ဖြစ်သည်။ မည်သို့ရှိစေ ဒုက္ခပုံစံချင်းသာ မတူကြသော်လည်း ရွာကလူတွေလိုပဲ ဒုက္ခရောက်သည့် အဖြစ်သနစ်မှာတော့ ထူးမခြားနားပင်။ အနှစ်သာရက အတူတူပဲ ဖြစ်သည်။

အခုဆိုလျှင် မြို့ပေါ်ရှိ ပြည်သူတွေကို စစ်ခွေးတွေပေးသော ဆင်းရဲဒုက္ခတမျိုးမှာလည်း တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ ယင်းမှာ အခြားမဟုတ်။ လျှပ်စစ်မီးမရရှိသည့် ဒုက္ခဆင်းရဲပဲ ဖြစ်သည်။ ထိုပြဿနာမှာ တနေ့တခြား ပိုဆိုးရွားလာသည်။ တနေ့ကို လျှပ်စစ်မီး ဘယ်နှစ်နာရီနှုန်းထားဖြင့် ခွဲတမ်းပေးမည်ဆိုသည့်တိုင် လက်တွေ့မှာတော့ တခြားစီ။ လာချင်တဲ့အချိန်မှ လာသည်။ ပေးချင်တဲ့အချိန်မှ ပေးသည်။ တချို့မြို့များတွင်ဆိုလျှင် တနေ့ကို တနာရီပြည့်အောင်ပင် မလာတော့။ ၁၅ မိနစ်လောက်လာပြီး ပျက်သွားသည့်နေ့လည်း ရှိသည်။ နာရီဝက်လောက်သာလာပြီး တနေကုန် မလာတော့တာမျိုးလည်း ရှိသည်။ တချို့ရက်တွေဆို တနေကုန်ပင် မလာတော့။ ၁၅ မိနစ်၊ နာရီဝက်လောက် လာတယ်ဆိုပေသိ လာသည့်အချိန်ကိုလည်း ကြည့်ပါဦး။ လူတွေအိပ်သည့် နံနက်ခင်း ၁ နာရီ၊ ၂ နာရီ၊ ၃ နာရီ​တွေမှာ ဖြစ်သည်။ ပြည်သူတွေခမျာ ဆင်းရဲဒုက္ခကြီးစွာ ညကြီးထ၊ အိပ်ရေးပျက်ခံကာ ဖုန်းအားသွင်းရ၊ ရေတင်ကြရသည်။ ပြီးလျှင် တနေကုန် မီးမလာတော့။ မီးမွှေးကာ ထမင်းဟင်း ချက်ရပြန်သည်။ ညတိုင်ဆိုလျှင်လည်း ဖယောင်းတိုင်မီး ထွန်းထားရမည့်ကိန်း ဆိုက်နေသည်။ ရာသီဥတုက ပူလောင် အိုက်ပြုတ်ရသည့်အထဲ လျှပ်စစ်ပန်ကာ ဖွင့်လို့မရ။ ဖုန်းအားသွင်းလို့ မရ၊ ရေတင်လို့မရတော့။ ဒါက သာမန်ပြည်သူတွေရဲ့ ဘဝ။ 

စီးပွားရေးလုပ်ကိုင်သူများ ဆိုလျှင်လည်း လျှပ်စစ်မီး မရတာမို့ လုပ်ရကိုင်ရ ခက်ခဲလာသည်။ စက်မှုလုပ်ငန်း မဆိုထားနှင့်။ သာမန် စားသောက်ဆိုင်တခုမှာပင် မီးမလာဘူးဆိုရင် မီးစက်မောင်းရ။ မီးစက်မောင်းဖို့ စက်သုံးဆီ ဝယ်ရ။ စက်သုံးဆီဈေးက ကြီးကကြီး။ တနေကုန် မီးစက်မမောင်းနိုင်။ မီးစက်နှိုး လုပ်ကိုင်ရသည်မို့ အစားအသောက်ဈေးများ တက်သည်။ သို့မဟုတ် အရေအတွက် လျှော့ချသည်။ ဆိုင်အလုပ်သမားများကိုလည်း ပုံမှန်လခ မပေးနိုင်တော့။ လစာလျှော့ချရတာမျိုး လုပ်ရသည်။ ဒါတောင် သာမန်စားသောက်ဆိုင်ပဲ ရှိသေးသည်။ ဒီ‌ထက်အဆင့်မြင့်သည့် စက်မှုလုပ်ငန်းများဆိုလျှင် စဉ်းစားသာကြည့်ပေတော့။ ဒီကြားထဲ သေနတ်ပြကာ မီတာခဆိုပြီး ပြည်သူတွေထံမှ စစ်ခွေးတွေက ငွေညှစ်သည်။ မခံချင်စိတ် ရှိပေမဲ့ သေနတ်မရှိတော့ စစ်ခွေးတို့ ထင်တိုင်းကြဲတာကို အောင့်အည်းသည်းခံရသည်။ ဟိုယခင် အရပ်သား NLD အစိုးရခေတ်တုန်းကလို မီးလေး တနာရီလောက် ပျက်သွားတာနှင့် EPC ရုံးကို ဖုန်းလှမ်းဆက်လို့မရ။ အော်ဟစ်လို့မရ၊ တိုင်တန်းလို့မရ။ အော်ဟစ်တိုင်တန်းတာနှင့် တိုင်တန်းသူကိုတောင် လာပြီး ဖမ်းဆီးနိုင်သည်။ မီတာပုံး လာဖြုတ်နိုင်သည်။

ဒါတောင် စစ်ခွေးတွေ အာဏာငန်းဖမ်း အာဏာသိမ်းတာ ၂ နှစ်ကျော်ခါစပဲ ရှိသေးသည်။ ဒါတောင် ကိုယ့်ဘက်သူ့ဘက် အားပြိုင်တုန်းကာလပဲ ရှိသေးသည်။ ဒီလို ၂ နှစ်ကျော်ကာလ၊ ဒီလို အခြေအနေမျိုးမှာတောင် ပြည်သူတွေ၏ နေ့စဥ် လူနေမှုဘဝ ဒီလောက်ခက်ခဲနေပါက သူတို့ အုပ်ချုပ်သည့်ခေတ်သာ အပြည့်အဝ ရောက်သွားမည်ဆိုလျှင်...။

နွေဦးဇင်

6 mins Ago

April 19, 2023

ကန့်ဘလူဖြစ်စဉ်နှင့် စပ်လျဉ်း၍ (သူ့အတွေး သူ့အမြင် – Op-Ed)

အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှု

အားလုံးသိတဲ့အတိုင်း ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးကျေးရွာတွင် ပြုလုပ်သော ဖွင့်ပွဲတခုကို အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့​ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ စာရင်းများအရ ဧပြီ ၁၃ ရက်နေ့အထိ သေဆုံးသူ အရေအတွက်မှာ ၁၆၈ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ထိုသေဆုံးသူ အရပ်သားပြည်သူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၆ ဦး၊ ကျား၊ မ ခွဲခြားမရသော ကလေးငယ် ၄ ဦးနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များလည်း သေကျေပျက်စီးကြရ၏။ စစ်ရေးပစ်မှတ်မဟုတ်ပါဘဲ အရပ်သားပြည်သူများအပေါ် တမင်ရည်ရွယ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လူသေစေဖို့ရည်ရွယ်သည့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများကြဲချကာ တိုက်ခိုက်ခဲ့သည်။ ပြီးတော့ ရဟတ်ယာဥ်များနှင့်လည်း တရစပ်ပစ်ခတ်ကာ သေပြီးသားရုပ်အလောင်းများကို သက်သေအထောက်အထားဖျောက်ဖို့ အကြမ်းဖက်စစ်တပ်က ကြိုးပမ်းခဲ့သေးသည်။ ကန့်ဘလူ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည့် ပြည်သူအရေအတွက်မှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အနန့်ပါ တိုက်ခိုက်မှုတွင် သေဆုံးခဲ့ရသူများထက်ပင် များပြားခဲ့ပါသည်။ အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအနက် ပြည်သူအကျအဆုံး အများဆုံးသော လေကြောင်းတိုက်ခိုက်မှုတခုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။ တချို့သော တိုင်းရင်းသားတို့ ခေါ်ဝေါ်ကြသော “ဗမာစစ်တပ်” ဆိုသည်မှ ဗမာလူမျိုးများအပေါ် ကမ်းကုန်အောင် ရက်စက်ယုတ်မာသည့် ဖြစ်ရပ်များစွာထဲက တခုအပါအဝင် ဖြစ်ခဲ့ပေသည်။

တုံ့ပြန်မှုများ

စစ်ရေးပြအခမ်းအနားလည်း မဟုတ်ပါ။ အကျွေးအမွေးများဖြင့် ဧည့်ခံကာ မြောက်မြားစွာသော ပြည်သူများ သွားလာ စားသောက်နေကြခြင်း ဖြစ်သည်။ ဤသည်ကို​ ဝေဟင်မှ အရှင်းသား တွေ့နိုင်ပါသည်။ သို့ပါလျက် အကြမ်းဖက်စစ်တပ်သည် အကြမ်းဖက်အုပ်စုပီပီ အရပ်သားလား၊ စစ်ရေးပစ်မှတ်လား မခွဲခြားတော့ဘဲ လူမဆန်စွာ သတ်ဖြတ်ခဲ့သည်။ နိုင်ငံတကာဥပဒေအရ ကြည့်လျှင်လည်း ဒါသည် စစ်ရာဇဝတ်မှု။ ဒါသည် အစုအပြုံလိုက် သတ်ဖြတ်မှု။ ဒါသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုပဲ ဖြစ်သည်။ သို့ပါသော်လည်း နိုင်ငံတကာသည် မြန်မာပြည်နည်းတူ တရားဥပဒေစိုးမိုးမှု ကင်းမဲ့​နေလေ‌ရာ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့။ ထုံးစံအတိုင်း ကုလမှာ တံခါးအဖွင့်အပိတ်လုပ်ဖို့ ကြံကြသည်။ သနားစဖွယ်ကောင်းသည်မှာ တံခါးအဖွင့်အပိတ်လုပ်ဖို့ကိုပင် သဘောတူညီမှု မရခဲ့ကြ။ တရုတ်နှင့် ရုရှားတို့က ကန့်ကွက်ကြသောကြောင့် ဖြစ်သည်။ ယင်းသို့ ကုလသမဂ္ဂဆိုသော ကမ္ဘာ့အဖွဲ့ကြီးကတဆင့် မလုပ်ဆောင်နိုင်သောအခါ နိုင်ငံတနိုင်ငံချင်းစီကတဆင့် လုပ်ဆောင်လာကြသည်။

ဘာလုပ်ကြပါသနည်း။ ကြေညာချက်ထုတ်ပြန်ကြခြင်း ​​ဖြစ်ပါသည်။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီး အမေရိကန်ကလည်း ကြေညာချက်ထုတ်သည်။ မလေးရှားကလည်း ဆန့်ကျင်ကန့်ကွက်သည်။ ဆွစ်ဇာလန်နိုင်ငံကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ ပြင်သစ်နိုင်ငံကလည်း အားကျမခံ ရှုတ်ချသည်။ အားမကိုးရဘူးဆိုကြသော အာဆီယံ အဖွဲ့ကြီးကလည်း အပြေးအလွှား ရှုတ်ချပါသည်။ အပြစ်မဲ့ အရပ်သား ၁၀၀ ကျော် ၂၀၀ နီးပါးကို လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ကမ္ဘာကြီးက ဒီအတိုင်း ရပ်ကြည့်မနေပါ။ ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ခြင်းဖြင့် အားပေးကြပါသည်။ မြန်မာပြည်သူတွေနှင့်အတူ ရပ်တည်ကြပါသည်။ နိုင်ငံတကာ တုံ့ပြန်မှုများ အဲ့သလို။

ပြည်တွင်းက အဖွဲ့အစည်းတွေကရော မည်သို့တုံ့ပြန်ကြသနည်း။ အညာဒေသက ဗမာတွေကို ဗမာစစ်တပ်ဆိုသည်က လေကြောင်းတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ပြည်တွင်းရှိ အခြားသော တော်လှန်ရေးလုပ်နေသူများက မည်သို့တုံ့ပြန်ကြပါသနည်း။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတုန်းက အနန့်ပါ ဗုံးကြဲတိုက်ခိုက်ခံရမှုတုန်းကလို တိုင်းရင်သားလက်နက်ကိုင် အဖွဲ့အစည်း အပါအဝင် အဖွဲ့အစည်းအသီးသီးမှ နေ့ချင်းမကူးဘဲ ကြေညာချက်များ ထုတ်ပြန်ကာ စာနာကြောင်း၊ အားပေးကြောင်း၊ ရှုတ်ချကြောင်း၊ ရပ်တည်ကြောင်း၊ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း စသဖြင့် ထုတ်ပြန်ကြပါသလော။

မည်သည့်အင်အားကြီး EAO အဖွဲ့ကမှ မထုတ်ပြန်ပါ။ B.P.L.A နှင့် ပအိုးဝ်အမျိုးသား ဖက်ဒရယ်ကောင်စီတို့မှလွဲ၍ ကျန် EAO အဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို မတွေ့ရသေးပေ။ ဤစာရေးချိန် ဧပြီ ၁၃ အထိ ကျန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မည်သည့်ထုတ်ပြန်ချက်ကိုမှ မတွေ့ရ။ ဘာကြောင့်ပါလိမ့်။ ဗမာသည် တိုင်းရင်းသားလူမျိုးတမျိုး မဟုတ်ပါလား။ သွေးချင်းညီအစ်ကို မဟုတ်ပါလား။ ကြေညာချက်ထုတ်ပြန်တာ မထိရောက်လို့ဟု ယူဆလို့ပါလား.....။ ကာယကံရှင်များ အသိဆုံး ဖြစ်ပါလိမ့်မည်။

ဘာဆက်လုပ်ကြမလဲ

တချို့က လေကြောင်းအန္တရာယ်ကို ဒီထက်ပိုပြီး သတိပြုကြဖို့ သတိပေးကြသည်။ တချို့က လုံခြုံရေးကို ပိုပြီး ဂရုစိုက်ကြဖို့၊ မပေါ့ဆကြဖို့ အကြံပြုကြသည်။ တော်လှန်ကာလ ၂ နှစ်ကျော်လာပြီဖြစ်သည်။ ရန်သူဟာ ဘာကိုမှ အာရုံမဝေဝါးဘဲ သူလုပ်စရာရှိတာကိုသာ ဆက်လုပ်ကာ ရန်သူပီသကြောင်းကို ပြသနေပါသည်။ သူ့မှာ လူထုထောက်ခံမှု မရှိတော့ကြောင်း သိသည်။ သူ့မှာ နိုင်ငံရေးထွက်ပေါက် မရှိတော့ကြောင်း သိသည်။ ထို့အတွက်ကြောင့် သူ့မှာ တတိုင်းပြည်လုံး အခွံပဲကျန်ပလေ့စေ၊ သူတို့အာဏာရလျှင်ပြီးရော ဆိုသည့် ဆုံးဖြတ်ချက်နှင့် ကမ်းကုန်အောင် ရက်စက်ယုတ်မာနေခြင်းဖြစ်သည်။ ယင်းသို့ ရက်စက်ယုတ်မာနိုင်အောင်၊ ထင်ရာစိုင်းနိုင်အောင် တခြားသော အခြေအနေများကလည်း သူတို့ကို ကျားကန်ပေးထားလျက်ရှိသည်။ သူတို့ ဘာလုပ်လုပ် အရေးယူလို့မရအောင် အကာအကွယ်ပေးမည့် အာဏာရှင်နိုင်ငံ ရုရှားနှင့် တရုတ်ရှိ‌သည်။ တိုင်းပြည်ဘဏ္ဍာငွေကို အသုံးပြုကာ ဝယ်ယူထားသော အဆင့်မြင့် စစ်လက်နက်ပစ္စည်းတွေ ရှိသည်။ ပြီးတော့ အထက်အမိန့်အရဆိုလျှင် မစင်စားခိုင်းရင်တောင် စားဦးမည့် နောက်လိုက်နောက်ပါ ကျွန်သ‌ပေါက်တွေရှိသည်။ ဒီအင်အားစုတွေကို အသုံးချကာ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေကို နှိပ်ကွပ်နေခြင်း ဖြစ်သည်။ ရန်သူဟာ ရန်သူပီသကြောင်း ပြသနေပြီ။

တော်လှန်ရေးအင်အားစုတွေဘက်ကရော ဘာဆက်လုပ်ကြမည်နည်း။ ရန်သူစစ်မိစ္ဆာတပ်၏ အကြမ်းဖက်လုပ်ရပ်ကို ဖော်ပြနေရုံနှင့် လမ်းဆုံး၍မရ။ ဗမာပြည်နယ်မဖွဲ့လို့၊ ကြားကာလဖွဲ့စည်းပုံ မရေးဆွဲလို့၊ ဖက်ဒရယ်ပဋိဉာဉ်ဟာ မပြည့်စုံ မလုံလောက်လို့၊ ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ မယုံကြည်ထိုက်လို့၊ ငါတို့က ပြည်သူ့အစိုးရဖြစ်လို့၊ မင်းတို့ဟာ LDF တွေသာဖြစ်လို့၊ ဘယ်သူဘယ်ဝါနဲ့ ရင်းနှီးသည့်အတွက် ဘယ်သူ့ကိုတော့ဖြင့် ဘယ်လိုရှော်ပေးလိုက်ကြောင်း စသဖြင့် မပြီးမစီးနိုင် ကိစ္စများဖြင့် အာရုံဝေဝါး၊ အချိန်တွေယူကာ တော်လှန်ရေးကို ဖင့်နွှဲ့စေမည်လား။ တောင်ပေါ်၊ မြေပြန့်က ရှိသမျှ ပြည်သူတရပ်လုံး အားသွန်ခွန်စိုက် တက်တက်ကြွကြွနှင့် ရင်းနှီးပေးဆပ်မှုများစွာ ပေးဆပ်နေရသော ယနေ့အချိန်အခါတွင် တော်လှန်ရေးဦးဆောင်အဖွဲ့များ အနေဖြင့် သူတလူ၊ ငါတမင်း မညီမညွတ် လုပ်‌နေကြဦးမည်လား။ စစ်အာဏာရှင်တို့ ရှိနေသမျှ ကာလပတ်လုံး ဒီမိုကရေစီလည်း မရနိုင်၊ ဖက်ဒရယ်လည်း မဖြစ်နိုင်။ သို့ဖြစ်ရာ အနာဂတ်တွင် ဘာကိုပဲ ရည်မျှော်သည်ဖြစ်စေ စစ်အာဏာရှင်စနစ် လုံးဝမရှိတော့မှဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်ဆီးဖို့က ပထမဦးစားပေးဖြစ်သည်ကို တော်လှန်ရေး ဦးဆောင်အဖွဲ့များအားလုံးက ကောင်းစွာ သဘောပေါက် နားလည်ထားမှဖြစ်မည်။

ဒီတကြိမ်သည် တတိုင်းပြည်လုံးရှိ ပြည်သူတွေကို ခေတ်အဆက်ဆက် ဖိနှိပ်လာခဲ့သော စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်ချေမှုန်းနိုင်သည့် အချိန်အခါကောင်းတခု ဖြစ်သည်။ ဒီတကြိမ် မနိုင်ပါက နောင်အခါ အနိုင်ရရန် မုချမလွယ်ကူတော့။ ပြည်သူတွေဘဝ ပိုပြီး ညစ်သထက် ညစ်၊ ဆင်းရဲသထက် ဆင်းရဲ လူ‌မွေးလူတောင် မပြောင်ဖို့သာ ရှိတော့သည်။

အခွင့်ကောင်းသည် ဘယ်သောအခါမှ နှစ်ခါမလာပေ။

နွေဦးဇင်

(သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

1 week Ago
Up