နှင်းတွေကျဆင်းနေလို့ ဗြိတိန်နိုင်ငံ မန်ချက်စတာလေဆိပ်မှာ ဒီဇင်ဘာ ၁၀ ရက်က လေဆိပ် ပြေးလမ်းတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ "နှင်းတွေ ထူထူထပ်ထပ် ကျနေလို့ ပြေးလမ်း နှစ်ခုလုံးကို ယာယီ ပိတ်ထားရပါတယ်။
ကျန်းမာရေးနဲ့ ဘေးကင်းရေးက အမြဲတမ်း ထိပ်တန်း ဦးစားပေး ဖြစ်ပြီး လုပ်ငန်းတွေ အစောဆုံး ပြန်စမှာပါ" လို့ လေဆိပ်က တွစ်တာ လူမှုကွန်ရက် ပေါ်မှာပြောပါတယ်။
ခရီးသည်တွေဟာ နောက်ဆုံးပေါ် လေယာဉ် ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေအတွက် လေကြောင်း လိုင်းကို ဆက်သွယ်ဖို့ကိုလဲ အကြံပြုထား ပါတယ်။
ဗြိတိန်မှာ ဆီးနှင်းတွေကျလို့ အပူချိန်ဟာ ရေခဲမှတ်အောက် အနှုတ် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းသွားနိုင်ပြီး စကော့တလန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းတို့မှာလဲ အလားတူ ခန့်မှန်းပါတယ်။
နှင်းတွေနဲ့ ရေခဲတွေအတွက် မိုးလေဝသရုံးက အဝါရောင်သတိပေးချက်ကို စကော့တလန်နယ် အများစုမှာ တနင်္ဂနွေနေ့ မွန်းတည့် ၁၂ နာရီအထိ ထုတ်ပြန်ထားပါတယ်။
မြောက်အိုင်ယာလန်၊ ဝေးလ်နှင့် အင်္ဂလန်အနောက် တောင်ပိုင်းတို့မှာလည်း တနင်္ဂနွေ မွန်းလွဲ ၁၂ နာရီအထိ နှင်းတွေဖုံးလွှမ်းနေနိုင်လို့ ရေခဲသတိပေးချက်ကို မိုးလေဝသဌာနက ထုတ်ပြန် ထားပါတယ်။
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်၊ ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မကြာသေးမီက လေအေးတွေကြောင့် သီတင်းပတ်ကုန်ရက်က နှင်းတွေကျဆင်းခဲ့လို့ အပူချိန် ၃ ဒီဂရီကနေ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားပါတယ်။
ရှင်ကျန်းပြည်နယ် အူရမ်ကီမြို့မှာ အောက်တိုဘာ ၁ ရက်က နှင်းကျခဲ့လို့ ဒေသ အပူချိန်ဟာ သုညဒီဂရီစင်တီဂရိတ်အောက်ထိ သိသိသာသာကျဆင်းသွားပါတယ်။
ဆီးနှင်းတွေကျခဲ့လို့ မာနတ်စ်မြို့နယ်ရဲ့ တောင်ဘက် တောင်တန်း ဧရိယာကို နှင်းထု ခုနစ် စင်တီမီတာ ဝန်းကျင်အထိ ထူထူထပ်ထပ် လွှမ်းမိုးခဲ့တာပါ။
ဒေသတွင်း မြက်ခင်းပြင်မှာ နှင်းတွေ ဖုံးလွှမ်းနေတာကြောင့် နွားကျောင်းသားတွေက အအေး ဒဏ်ကို ကာကွယ်ဖို့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ပြန်လည် ထိန်းကျောင်းခဲ့ကြပါတယ်။
ယခုနှစ် ဆီးနှင်းကျတာဟာ အရင်နှစ်တွေကထက်စောနေလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ရာသီဥတု အတက်အကျရဲ့ သက်ရောက်မှုကို လျှော့ဖို့ အိမ်မွေးတိရစ္ဆာန်တွေကို လွှတ်ကျောင်းမယ့် အစားအစာကျွေးဖို့ ပြင်ဆင်ခဲ့ကြပါတယ်။