ဖျက်သိမ်းခံထားရတဲ့ နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) အဖြစ် အမည်ပြောင်းပြီး စစ်ကောင်စီ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး ဝင်ပြိုင်မယ့်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်လိုက်ပြီလို့ ဦးဆောင်ပါဝင်သူတွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအရေအတွက် ဒုတိယအများဆုံးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့တဲ့ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် ရွေးကောက်ပွဲ မကျင်းပခင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၇ ရက်က နိုင်ငံရေးပါတီအဖြစ်က ဖျက်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
နှင်းဆီပါတီဟာ အာဏာသိမ်းစစ်ကောင်စီက ပြန်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ယာယီဦးဆောင်သူ ၂၅ ယောက်နဲ့ဖွဲ့စည်းပြီး ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) လို့ အမည်ပြောင်းကာ ဖေဖော်ဝါရီ ၉ ရက်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီမှတ်ပုံပြန်တင်ခဲ့ပါတယ်။
ထောင်ပြေးမှု၊ လူဝင်မှုကြီးကြပ်ရေးအမှု၊ ငွေကြေးခဝါချမှုတွေနဲ့ ထောင်ကျနေတဲ့ ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေအရ ပါတီဦးဆောင်သူအဖြစ် ပါဝင်ခွင့်မရပေမယ့် နောက်ကွယ်ကနေ ဆက်လက်ပါဝင်နေမှာဖြစ်ပြီး သူရဲ့ ပါတီမူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာလို့ ယာယီဦးဆောင်သူအဖွဲ့မှာပါဝင်တဲ့ ဦးခင်ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
နှင်းဆီပါတီကို အမည်ပြောင်းပြီး ပါတီမှတ်ပုံတင်ခဲ့တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) ဟာ လက်ရှိမှာ ပါတီဝင် အင်အား ၃ သိန်းခွဲကျော်ရှိနေပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း စတဲ့ တိုင်း ၅ တိုင်းမှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဆက်လက်ရှင်သန်နိုင်ရေးကြိုးပမ်းနေချိန်မှာ နှင်းဆီပါတီ အမည်ပြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP) က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်ဖို့ စီစဉ်နေတာပါ။
ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ပြုပြီးတာနဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ သတ်မှတ်ချက်အတိုင်း တနိုင်ငံလုံးမြို့နယ်အားလုံးရဲ့ ထက်ဝက်ကျော်မှာ ပါတီရုံးခန်းတွေကို ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ယာယီဦးဆောင်ကော်မတီဝင် ဦးခင်ဇော်ဝင်းက ပြောပါတယ်။
ထောင်ဒဏ်ကျခံနေရတဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အန်အယ်လ်ဒီအစိုးရ လက်ထက်တုန်းက ကျပ်ငွေ ၃၀ ဘီလီယံနီးပါးကို တရားမဝင် လွှဲပြောင်းလက်ခံမှုတွေကြောင့် ငွေကြေးခဝါချမှုဥပဒေနဲ့ အရေးယူခံခဲ့ရပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် နှင်းဆီပါတီလည်း ဖျက်သိမ်းခံခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်အပေါ် အာဏာသိမ်းစစ်တပ်က မကျေမနပ်ဖြစ်ခဲ့ပြီး အခြေခံလူတန်းစားတွေ ထောက်ခံကြတဲ့ ပါတီကို အိမ်နီးချင်း နိုင်ငံတနိုင်ငံကနေ ငွေကြေးထောက်ပံ့မှုရယူတယ်ဆိုပြီး ပါတီကို ဖျက်သိမ်းတဲ့အထိ အလဲထိုးခဲ့တယ်လို့ စစ်တပ် အာဘော် မြန်မာ့အလင်းသတင်းစာကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဆောင်းပါးရေးကာ ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီကို နှင်းဆီပါတီ အမည်ပြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ ပါတီပဲ မှတ်ပုံတင်ထားပါတယ်။
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပါတီဝင်များ ပြည်လည်စုစည်းကာ ပါတီနာမည်အသစ်နဲ့ ပြန်လည်မှတ်ပုံဖို့ ပြင်ဆင်နေတယ်လို့ ပါတီဝင်ဟောင်းတွေထံက သိရပါတယ်။
နှင်းဆီပါတီ ခေါင်းဆောင် ဦးကျော်မြင့်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂ ၊ ပုဒ်မ ၁၇၁ စတဲ့အမှုတွေနဲ့ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ၁ သိန်း ချမှတ်ခံထားရတာဖြစ်ပါတယ်။
ဒါ့အပြင် ချမ်းအေးသာစံမြို့နယ် တရားရုံးကလည်း ဦးကျော်မြင့်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်က ထောင်ပြေးမှုအပြင် အရင်ပြစ်မှုကြွေးကျန် ထောင်ဒဏ် ၉ နှစ်နဲ့ ထပ်တိုးထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပါသေးတယ်။
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်မှာ ပြည်ထောင်စုရွေးကော်မရှင်ကနေပါတီကို ဖျက်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီဝင်အင်အားများတဲ့ နှင်းဆီပါတီဟာ ပါတီမှတ်ပုံတင် ပြန်တင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ ပါတီဝင်ဟောင်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“နာမည်က ကြားနေတာတော့ ပြည်ထောင်စုဒီမိုကရေစီပါတီလို့ နာမည်ပြောင်းမယ် ကြားတယ် သေချာတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
နှင်းဆီပါတီ တကယ်တမ်းမှတ်ပုံတင်ပြီး ပါတီအသစ်ဖွဲ့စည်းပါက ကြံ့ခိုင်ရေးပါတီထက် အင်အားများပြားလာမှာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“၂၀၂၀ တုန်းကတောင် ပြည်ထောင်စုအဆင့်ပြိုင်တာ ကိုယ်စားလှယ် ၁၁၃၁ ယောက်ရှိတယ်။ တကယ်မှတ်ပုံတင်ရင် ပြည်ထောင်စုအဆင့် ပြိုင်မှာ”လို့ ပြောပါတယ်။
နှင်းဆီပါတီ(ခ) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) မှာ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိုင်ရရှိခြင်း မရှိပါဘူး။
လက်ရှိအခြေအနေမှာ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ အင်းစိန်ထောင်မှာ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကို ကျခံနေရပြီး လှိုင်သာယာမြို့မရဲစခန်းက စွဲဆိုထားတဲ့ လ.ဝ.က ပုဒ်မ ၁၃(၁) နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄၃) နဲ့ တရားရင်ဆိုင်နေရပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေသစ်ကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်ပြီးနောက် စစ်တပ် ကြောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ဖယ်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင် ပြန်လျှောက်ထားပါတယ်။