close

နှင်းဆီအငြိမ့်အဖွဲ့

close

February 10, 2022

တော်လှန်ရေးမင်းသား အကယ်ဒမီ မင်းမော်ကွန်း နှင်းဆီအငြိမ့်အဖွဲ့မှ နုတ်ထွက်

နွေဦးတော်လှန်ရေးမင်းသားတလက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းဟာ နှင်းဆီအငြိမ့်အဖွဲ့ကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မင်းမော်ကွန်းရဲ့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုရဲမင်း (AAC) က “ကိုကျော် (မင်းမော်ကွန်း) နှင်းဆီအဖွဲ့က နုတ်ထွက်လိုက်တာ သတင်းအမှန်ပါ။ ရပ်တည်ချက်၊ ခံယူချက် မတူသူတွေနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ မမေ့ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း မပါဘူးလို့ ကိုကျော်က ပြောပါတယ်”လို့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ် ရေးသားမျှဝေထားခဲ့တာပါ။

မင်းမော်ကွန်းဟာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်းဖြစ်ကာ လက်နက်ကိုင်နယ်မြေတခုကနေ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ အဆိုတော် ရဲလေးတို့က ပင်တိုင်ပါဝင်တင်ဆက်ခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အချိန် ၁၅ နှစ်လောက်အတွင်းမှာ ပရဟိတရန်ပုံငွေပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ အနုပညာရှင်တွေရော ပြည်သူတွေပါ တသားတည်းရပ်တည်ပြီးတော့ ပါဝင်နေကြချိန်မှာ မင်းမော်ကွန်းကလွဲလို့ ကျန်တဲ့ နှင်းဆီအဖွဲ့သားတွေ မပါဝင်လာတဲ့အပေါ် ပရိသတ်တွေက  အားမလိုအားမရ ဖြစ်နေခဲ့ကြချိန်မှာပဲ သူက နုတ်ထွက်လိုက်တာ ဖြစ်ပါတယ်။

6 mins Ago

June 24, 2020

နှင်းဆီအငြိမ့်အဖွဲ့ ၁၄ နှစ်ပြည့် H2H Talk ထုတ်လွှင့်မည်

ဆယ်စုနှစ်နဲ့ချီ ပရိသတ်တွေကြားမှာ ရေပန်းစားအားပေးမှုတွေ အခိုင်အမာရရှိခဲ့တဲ့ နှင်းဆီအဖွဲ့ရဲ့ ၁၄ နှစ်ပြည့် H2H Talk ကို မကြာခင်မှာ ထုတ်လွှင့်သွားဖို့ ရှိနေပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာတော့ ၁၄ နှစ်ပြည့် ဆင်စွယ်ရတုမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုး အပါအဝင် နာမည်ကြီး သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်းဆီအဖွဲ့သားတွေ ပါဝင်တဲ့ H2H Talk ကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေ မှာ SkyNet TeenChannel ကနေ ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။ “နှင်းဆီအဖွဲ့ ကမ္ဘာပတ်ပြီး ဖျော်ဖြေခဲ့တဲ့ ဘယ်တုန်းကမှမပြဘဲ ဝှက်ထားခဲ့တဲ့ ၁၄ နှစ်ကာလအတွင်းက ချစ်ခင်မှုတွေ၊ စည်းလုံးမှုတွေ၊ ညှာတာမှုတွေ၊ လေးစားမှုတွေ၊ ညီရင်းအစ်ကိုပမာ စောင့်ရှောက်မှုတွေ၊ နားလည်မှုတွေ၊ခွင့်လွှတ်မှုတွေ၊ သံယောဇဉ်တွေ၊ ငယ် ကျိုးငယ်နာတွေ၊ မထင်မှတ်တဲ့ ရယ်စရာတွေ၊ ပင်ပန်းဆင်းရဲဒုက္ခရောက်ခဲ့တာတွေကို ရယ်စရာအဖြစ် နှင်းဆီတို့ရဲ့ထုံးစံအတိုင်း တဝါးဝါး တဟားဟား ရယ်မောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။” ဒီအစီအစဉ်မှာတော့ ဒါရိုက်တာမောင်မျိုးမင်းနဲ့ ဒီမိုးစက်တို့က Host တွေအနေနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
2 years Ago
Up