စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်က အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ဝန်ထမ်း ၁ ယောက်အပါအဝင် ပြည်သူ ၉ ယောက်ကို စစ်ကောင်စီ တရားရုံးက ဧပြီ ၇ ရက်မှာ ထောင်ဒဏ် ၁၃ နှစ်ကနေ ၃ နှစ်ထိ အသီးသီးချမှတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒေသခံတဦးက “ကျနော်တို့ ဟုမ္မလင်းမြို့နယ်က နိုင်ငံရေးအကျဉ်းသား ၉ ဦးကို အမိန့်ချတယ်။ အဲ့ဒီအထဲမှာ ၁၃ နှစ် ချခံရတာက တယောက်၊ ၁၁ နှစ်နဲ့ ၆ လချခံရတာ တယောက်၊ ၁၀ နှစ် ချခံရတာ လေးယောက်၊ ၅ နှစ်ချခံရတာ နှစ်ယောက်၊ ၃ နှစ်ချခံရတာ တယောက် ဖြစ်ပါတယ်”လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ဟုမ္မလင်းမြို့နယ်အတွင်းက NLD ပါတီဝန်းရံသူ၊ CDM ဝန်ထမ်းနဲ့ စစ်ဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသား၊ ပြည်သူ၊ ရဟန်းနဲ့ လူငယ်လူရွယ်တွေထဲက ၉ ဦးကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက ၅၀၅ (က)၊ ၅၀ (ည) ပုဒ်မတွေနဲ့ အခုလို ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာပါ။
ဖမ်းဆီးထောင်ချခဲ့တဲ့သူတွေနဲ့ နီးစပ်သူတဦးက “စိုင်းဝေယံ ၁၃ နှစ်၊ ကျော်ဝင်းစိန် ၁၁ နှစ်ခွဲ၊ အမေ့အိမ်က သက်ထွန်းဦး၊ ပင်လုံသစ်စက်က အောက်ဟိန်၊ အောင်ကိုမင်း၊ ဒေါ်နွဲ့နွဲ့အောင် အဲ့ဒီ လေးဦးက ၁၀ နှစ်စီ၊ နတ်နန်းက နေနော်နဲ့ ဖြိုးသက်တင်က ၅ နှစ်စီပြီးတော့ အောင်မြင့်ဦးက ၃ နှစ်ချခံရတယ်။ ဒေါ်နွဲ့နွဲ့အောင်က CDM ပါ။ သူတို့ကို ဟုမ္မလင်း ၂၂၂ တပ်ရင်းမှာ စစ်ကြောတယ်၊ ပြီးတော့ မြို့မရဲစခန်းကို ပြန်လာပို့ပြီး တရားစွဲဆိုအ မိန့်ချတာပါ” လို့ ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ အခုလက်ရှိ ထောင်ချခံရတဲ့ ၉ ယောက်အပြင် တခြားသော ဖမ်းဆီး ခံရတဲ့ သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက သတ်ဖြတ်လို့ သေဆုံးတဲ့ အရပ်သားပြည် သူ ၃၂၂၅ ဦးထိရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၁၂၇၆ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ဧပြီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ စစ်အာဏာသိမ်းတာကို ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီဝင် ၅ ယောက်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တချို့ က ပြောပါတယ်။
တနှစ်ခွဲကျော်ကြာ ဖမ်းဆီးခံထားရသူ ၅ ယောက်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျာပုံခရိုင်တရားရုံးက နှစ် ၂၀ ကနေ နှစ် ၄၀ အထိ ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။
မိသားစုဝင်နဲ့ နီးစပ်သူ တဦးက "သူတို့ ငါးဦးကို ဖျာပုံခရိုင်တရားရုံးက အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ဈ) ၅၂(က)တွေနဲ့ တရားစွဲအမှုဖွင့်ထားတာ။ ဆန္ဒပြတာ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေပါ ထည့်စွဲတာ တယောက်နဲ့ တယောက် ပြစ်ဒဏ်တွေ မတူဘူး။ အားလုံးက နှစ်ရှည် ပြစ်ဒဏ်တွေပဲ" လို့ ဆိုပါတယ်။
ဖျာပုံခရိုင်တရားရုံးက ကိုပြည့်ဖြိုးအောင်နဲ့ ကိုချမ်းမြေ့သူတို့ကို ထောင်ဒဏ် အနှစ် ၂၀၊ ကိုဟိန်း ကို ထောင်ဒဏ် နှစ် ၃၀၊ ကိုမျိုးကို ထောင်ဒဏ် ၃၅ နှစ်နဲ့ ကိုထွဋ်နောင်ဦးကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့တာပါ။
သူတို့ ၅ ယောက်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလမှာ ဖမ်းဆီးခံခဲ့ရတာပါ။