close

နှစ်သစ်ကူးပွဲတော်

close

January 26, 2023

ကိုးကန့်ရိုးရာ နှစ်သစ်ကူးပွဲတော် လောက်ကိုင်မြို့တွင် ကျင်းပ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ ကြယ်စင်ကွင်းမှာ ကိုးကန့်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဟိန်းလီကုမ္ပဏီအုပ်စုက ဦးစီးပြီး ဇန်နဝါရီ ၂၃ ရက်နဲ့ ၂၄ ရက် ညနေပိုင်းက ကျင်းပပါတယ်။

အဲဒီနှစ်သစ်ကူးပွဲမှာ တေးဂီတဖျော်ဖြေရေးပွဲတွေ ထည့်သွင်းထားပြီး အဆိုတော်တွေကို ဖိတ်ခေါ်ကာ ဖျော်ဖြေသူတွေအနေနဲ့ တယောက်ကို တရုတ်ယွမ်ငွေ ၁ သိန်းနီးပါး (မြန်မာ‌ငွေ သိန်း ၄၀၀ ဝန်းကျင်) ပါတဲ့ ဟုန်ပေါင် အပါအဝင် သိန်း ၆၀၀ လောက် ရခဲ့ကြတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

လောက်ကိုင်မှာ ဖျော်ဖြေတာက ပိုက်ဆံလည်း အရမ်းရသလို လာရောက်‌အားပေးတဲ့ ပရိသတ်တွေကလည်း ကွင်းလုံးပြည့်ဖြစ်ပြီး လောက်ကိုင်က ငြိမ်းချမ်းသလို ဖြစ်နေတယ်လို့ လောက်ကိုင်မြို့မှာ အလုပ်လာရောက်လုပ်ကိုင်သူတဦးက ပြောပါတယ်။

အဲဒီပွဲကျင်းပတဲ့ ဟိန်းလီကုမ္ပဏီအုပ်စုဟာ ဒေသတွင်း နံပါတ် ၃ အကြီးဆုံးဖြစ်တဲ့ လုပ်ငန်းစုဖြစ်ပြီး အထည်ချုပ်လုပ်ငန်း၊ အနှိပ်ခန်း၊ အလှအပဝန်ဆောင်မှုလုပ်ငန်း၊ ကလပ်၊ KTV၊ ဘားတွေအပြင် အွန်လိုင်းကနေ နိုင်ငံခြားသားတွေကို ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေသာမကဘဲ လောင်းကစားလုပ်ငန်းတွေပါ လုပ်ကိုင်နေတဲ့ကုမ္ပဏီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြည်မက‌နေ လောက်ကိုင်မြို့ကို လာရောက် အလုပ်လုပ်ကိုင်သူတွေ ပိုများလာနေပါတယ်။

1 hour Ago

January 25, 2023

ဟိုပန်တွင် လားဟူ စာပေနှင့်ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နမ့်မုန်းရွာမှာ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကစပြီး ဟိုပန်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၇ ရွာ စုပေါင်းကာ ၁၀ ကြိမ်မြောက် လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပပါတယ်။

လားဟူ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို နှစ်တိုင်းပြုလုပ်လာတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းတဲ့ အခြေအနေတွေကြောင့် ၃ နှစ်တာ ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်ကစကာ ပြန်လည်ကျင်းပနေတာလည်း ဖြစ်ပါတယ်။

အခုနှစ်မှာပြုလုပ်တဲ့ ၁၀ ကြိမ်မြောက် လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရွာပေါင်း ၁၇ ရွာက လူဦးရေ ၃၀၀ ထက်မနည်း လာရောက် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ဥက္ကဋ္ဌ ဦးကျာအေက ဒီဗွီဘီကို ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက် ညပိုင်းက လားဟူနှစ်သစ်ကို ကြိုကြပြီး ဇန်နဝါရီ ၂၁ ရက်မှာ‌တော့ ခေါပုတ်ထောင်းကာ ဘိုးဘွားမိဘဆွေမျိုးတွေကို ကန်တေ့ာကြတာပါ။ ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၄ ရက်ဟာ အခါကြီးနေ့ဖြစ်ပြီး ၂၄ ရက်မှာ‌တော့ စုပေါင်းနှစ်သစ်ကူးပြုလုပ်ကာ ဇန်နဝါရီလကုန်ထိ အလုပ်နားကြပြီး နှစ်သစ်ကူးပွဲကို ဆင်နွှဲကြတာလည်း ဖြစ်ပါတယ်။

ထင်းရှူးပင် အညွန့်ထွက်ချိန်၊ ချယ်ရီပန်းနဲ့ မက်မွန်ပန်းပွင့်ချိန်တွေမှာ နှစ်သစ်ကူးပွဲတော်ကို ရှေးဘိုးဘွားလက်ထက်ကတည်းက ပြုလုပ်ကြတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေကို ကန်တေ့ာကြရတာလည်း ဖြစ်ပါတယ်။

22 hours Ago
Up