မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက သူ့ရဲ့ အာဏာသက်တမ်း ၁၀ နှစ်ပြည့်နဲ့ နှစ်သစ်ကူးအကြို မိန့်ခွန်းမှာ နျူကလီးယားလက်နက်အကြောင်း အမေရိကန်အကြောင်းတို့ထက် လက်ထွန်စက်ရုံတွေနဲ့ ကျောင်းဝတ်စုံတွေအကြောင်းကို ပိုပြီး အလေးပေးပြောခဲ့တယ်လို့ ဇန်နဝါရီ ၁ ရက် မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံက သတင်းသုံးသပ်ဖော်ပြပါတယ်။
၂၀၂၂ ခုနှစ်အတွက် မြောက်ကိုရီးယားရဲ့ပန်းတိုင်က စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပြည်သူတွေရဲ့ဘဝ မြင့်မားရေး အရှိန်မြှင့်တင်ဖို့ဖြစ်ပြီး၊ အဲဒီအတွက် သေရေးရှင်ရေး ကြိုးပမ်းကြရမယ်လို့ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ အထိ ကျင်းပခဲ့တဲ့ ကိုရီးယား အလုပ်သမားပါတီ (၈) ကြိမ်မြောက် ဗဟိုကော်မတီညီလာခံ ပိတ်ပွဲအခမ်းအနားမှာ ကင်မ်က ပြောခဲ့တာပါ။ အဲဒီညီလာခံဟာ သူ့ရဲ့ အာဏာသက်တမ်း ၁၀ နှစ် ပြည့်မြောက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ကင်မ်ရဲ့ မိန့်ခွန်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်အကြောင်း အရေးလုပ် ပြောဆိုမနေတော့ဘဲ၊ ကျေးလက် ဖွံ့ဖြိုးရေး၊ ပြည်သူတွေရဲ့ အစားအသောက်နဲ့နေထိုင်မှု၊ ကျောင်းဝတ်စုံ စတဲ့ ပြည်တွင်းရေးတွေနဲ့အတူ ဆိုရှယ်လစ်မဟုတ်တဲ့ အလေ့စရိုက်တွေကို ချေမှုန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။