close

နှစ်သစ်ဆုတောင်း

close

January 2, 2023

တိုကျိုရှိ မဲဂျိဂျင်းဂူဗိမာန်သို့ နှစ်သစ်ဆုတောင်းရန် လာရောက်သူ များပြား

၂၀၂၃ ခုနှစ်ကို ပိုမိုပျော်ရွှင်ဖွယ်ရာနှစ်သစ် ဖြစ်လာစေဖို့ ဂျပန်နိုင်ငံမြို့တော် တိုကျိုက မဲဂျိဂျင်းဂူဗိမာန်ဆီ ဇန်နဝါရီ ၁ ရက် မနက်ပိုင်းမှာ လူစုလူဝေးနဲ့ လာရောက် ဆုတောင်းခဲ့ကြပါတယ်။

နှစ်သစ်အချိန်အခါဟာ ဂျပန်နိုင်ငံရဲ့ အဓိကအားလပ်ရက် ကာလတခုဖြစ်ပြီး ဒီဗိမာန်တော်ကို လူအများလာရောက်ကာ ဆုတောင်းပြည့်ဖို့ အလဲအလှယ်အနေနဲ့ လူအများအပြားက အကြွေစေ့တွေနဲ့ လာရောက်ပူဇော်လေ့ရှိပါတယ်။

လာရောက်သူအများစုကတော့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒီ ရိုးရာအစဉ်အလာဟာ ဆုတောင်းဖို့ အခွင့်အရေးတရပ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

ဗိမာန်တော်ကို လာရောက်လည်ပတ်သူတဦးဖြစ်တဲ့ အသက် ၇၀ အရွယ် ယာမာဒါကို သူ ဘာတွေဆုတောင်းခဲ့လဲ ဆိုတာ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ပါတယ်။

“ကိုဗစ်ရောဂါကို မြန်မြန်ပြီးဆုံးစေချင်နေပြီ။ အကောင်းဆုံး ကြိုးစားနေပေမဲ့လည်း ကူးစက်မှု အရေအတွက်က ဆက်လက်တိုးပွားနေတာကြောင့် ကျမကို စိတ်ပူစေပါတယ်” လို့ ယာမာဒါက ဖြေပါတယ်။

အသက် ၇၅ နှစ်အရွယ် ဂျွန်ကိုမီယာအီရှီ ကတော့ လက်ရှိဝန်ကြီးချုပ် ဖူမိယို ကီရှီဒါ အနေနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ အစွမ်းကုန် လုပ်ဆောင်စေချင်သလို သူ ဒါကို မဆောင်ရွက်နိုင်ခဲ့ရင် သူ့နေရာမှာ အစားထိုးသင့်တယ်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနောက်ပိုင်း နှစ်သစ်ကူးရိုးရာပွဲတော်တွေကို ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်မှာ နိုင်ငံခြားသားခရီးသွားတွေ ပြန်လည်ပါဝင်ခွင့် ရရှိလာတာကြောင့် တိုကျိုမြို့မှာ လူစုလူဝေးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကမှ နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

10 mins Ago
Up