close

နှစ်သစ်

close

January 1, 2023

နှစ်သစ်တွင် မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်

မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူး မနက်အစောပိုင်းမှာ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်ကနေ ပဲ့ထိန်း ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယုံဟပ်သတင်းဌာနက တောင်ကိုရီးယားစစ်တပ်ကို ကိုးကားဖော်ပြပါတယ်။

ပြုံယမ်းမြို့တဝိုက်ကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည်ကို ဒေသစံတော်ချိန် မနက် ၂ နာရီ ၅၀ မိနစ်မှာ ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေက ပြောပါတယ်။ 

မြောက်ကိုရီးယားဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ပဲ့ထိန်းဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့ပြီး ၂၄ နာရီတောင် မပြည့်ခင်မှာ ထပ်ပြီး ပစ်လွှတ်ခဲ့တာပါ။ 

မြောက်ကိုရီးယားအစိုးရဟာ သတ္တမအကြိမ် နျူကလီးယားလက်နက် စမ်းသပ်နိုင်တယ်လို့လည်း ထင်ကြေး ပေးနေကြပါတယ်။ 

မြောက်ကိုရီးယားက လက်နက်တည်ဆောက်မှုကို အရှိန်မြှင့် နေချိန် ၂၀၂၂ ခုနှစ်ထဲမှာ မကြုံစဖူး အကြိမ်ရေ တော်တော်များများ ဒုံးကျည်စမ်းသပ်ခဲ့ပြီးတဲ့နောက် ခုလို ထပ်မံပစ်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဗဟိုပါတီက ဒီဇင်ဘာ ၃၀ ရက်မှာ လုပ်တဲ့ စုံညီအစည်းအဝေး ပဉ္စမနေ့မှာ မဟာဗျူဟာကို ခိုင်မာစေရေး  ပါဝင်ဆွေးနွေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောခဲ့ပါတယ်။

4 mins Ago
Up