မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က ကား ၆ စီး၊ အင်အား ၁၅၀ လောက် ဝင်ရောက်ခဲ့ပြီး ၆၇ နှစ်အရွယ် အမျိုးသားတဦးအား သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ကျေးရွာက အသက် ၆၇ နှစ်အရွယ် ဦးစန်းဝင်းကို လက်ပြန်ကြိုးတုပ်ပြီး လူမဆန်စွာသတ်ဖြတ်သွားကာ ပြည်သူပိုင် ဆီပိဿာ ၈၀၀ လောက်၊ မြေပဲတင်း ၅၀၊ နေကြာတင်း ၁၀၀ ကျော်၊ ဆန်နဲ့ အခြားတန်ဖိုးကြီး ပစ္စည်းတွေကို အတင်းအဓမ္မ သယ်ဆောင်သွားကြတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ရွာဘက်ကို စစ်ကြောင်းထိုးလာပြီကြားလို့ ပြေးကြရတယ်။ အသက်အရွယ်ကြီးတဲ့ လူကြီးတွေနဲ့ ကျန်းမာရေးမကောင်းတဲ့သူတွေက မပြေးနိုင်လို့ မပြေးကြရဘူး။ အဘိုး ဦးစန်းဝင်းဆို အသက် ၆၀ ကျော်နေပြီ၊ ဘာအပြစ်မှမရှိတဲ့ အဖိုးအိုတယောက်ကို သူတို့က လူမဆန်စွာသတ်ဖြတ်သွားတာ၊ ရွာထဲက ပစ္စည်းတွေကိုလည်း ကားတွေနဲ့သယ်သွားကြတာ။”
နှမ်းခါးကျေးရွာကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို အဆင်သင့်နေရာယူပြီး ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေပေမယ့် ဒေသခံပြည်သူ တောင်းဆိုမှုကြောင့် နောက်ဆုတ်ပေးခဲ့ရတယ်လို့ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပါက စစ်ကောင်စီတပ်က ကျေးရွာနေ ပြည်သူတွေရဲ့ အိမ်တွေကို မီးရှို့မှာ၊ ဖမ်းဆီးသတ်ဖြတ်မှာ စိုးရိမ်တာကြောင့် ဒေသခံတွေက တားမြစ်ခဲ့တာလို့ ဆိုပါတယ်။
ဧပြီ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေက နှမေးခါးကျေးရွာမှာ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး တကျော့ပြန် ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။