close

နှမ်း

close

May 10, 2022

ဆီထွက်သီးနှံ မြေပဲနှင့် နှမ်း ပြည်ပတင်ပို့မှု ယာယီရပ်ဆိုင်း၊ မြေပဲဈေးကျ

ဆီထွက်သီးနှံတွေထဲက (နှမ်းနှက်) ကလွဲပြီး  မြေပဲနဲ့ နှမ်း တင်ပို့မှုကို  မေ ၉ ရက်က စပြီး ခေတ္တဆိုင်း ငံ့မယ်ဆိုတဲ့ စီးပွားကူးသန်းဌာနက မြဝတီကုန်သွယ်ရေးဇုန်ထံပေးပို့တဲ့  ညွှန်ကြားချက်  မေလ ၉ ရက်က ထွက်ပေါ်လာပါတယ်။

အဲဒီညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် မြေပဲလုံးဆံ စျေးနှုန်းတွေ အမျိုးအစားအလိုက် ကျပ် ၂၀၀ ကနေ ၃၀၀ ကြား စျေးကျဆင်းခဲ့ပြီး  အရောင်းအ၀ယ်စျေးကွက်လည်း ရုတ်တရတ် တုံ့ဆိုင်းသွားတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

ဆီစက်လုပ်ငန်းရှင်တဦးက “တင်ပို့တာ ပိတ်မယ်ကြားတော့  စျေးကွက်မှာ အ၀ယ်ရပ်သွားတယ်။ ဆီစက်တွေက အကျကို စောင့်ပြီးတော့ အ၀ယ်တွေ ရပ်သွားကြတာ။  ပိတ်ရင်တော့ စျေးက ကျမှာပဲ” လို့ မှတ်ချက်ပြုပါတယ်။

ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲနဲ့ နှမ်းမျိုးစုံကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို နယ်စပ်ကနေ အဓိက တင်ပို့ရောင်းချနေတာဖြစ်သလို ပြည်တွင်းမှာရှိတဲ့ ဆီစက်လုပ်ငန်းတွေကလည်း ဆီကြိတ်ခွဲဖို့ ၀ယ်ယူနေကြတာပါ။ 

အခုလို ဆီထွက်သီးနှံ ကုန်ကြမ်းတင်ပို့မှု ယာယီကန့်သတ်လိုက်တာဟာ ပြည်တွင်းစားသုံးမှုအတွက် စားအုန်းဆီ လုံလောက်အောင် မတင်သွင်းနိုင်တာကြောင့် ဖြစ်တယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အဓိက စားအုန်းဆီကို လုံလောက်အောင် မတင်သွင်းနိုင်လို့ ဆီထွက်ကုန်ကြမ်းကို ပိတ်တာ။   ဆီစက်တွေတော့ အလုပ်ဖြစ်မှာပေါ့။ စျေးကတော့ ကျသွားနိုင်တယ်” လို့ ကုန်သည်လုပ်ငန်းရှင် တဦးက ပြောပါတယ်။ 

ကမ္ဘာ့ထိပ်တန်း စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ အင်ဒိုနီးရှားနိုင်ငံက ဧပြီ ၂၈ ရက်က စတင်ပြီး တင်ပို့မှုကို ကန့်သတ်လိုက်တဲ့နောက် အဲဒီနိုင်ငံကနေ အဓိက၀ယ်ယူတင်သွင်းနေတဲ့ မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုရှိလာပြီး ပြည်တွင်းမှာ စားအုန်းဆီအပါအ၀င် စားဆီစျေးနှုန်းတွေ  မြင့်တက်လာခဲ့ပါတယ်။ 

အလားတူ ဆီထွက်ကုန်ကြမ်းတွေဖြစ်တဲ့ မြေပဲဆံနဲ့ နှမ်းဆံစျေးနှုန်းတွေပါ မြင့်တက်လာခဲ့တာပါ။ 

မန္တလေးဈေးကွက်မှာ လက်တလောဈေးနှုန်းအနေနဲ့ မြေပဲလုံးဆံ(နီ) တပိဿာကို ၃၅၀၀−၃၆၀၀ ကျပ်၊ S1 လုံးဆံ တပိဿာကို ၃၆၀၀−၃၈၀၀ကျပ်၊ အနီဆီဆံ တပိဿာကို ၃၂၀၀− ၃၃၅၀ကျပ် စျေးရှိပါတယ်။ နှမ်း အရောင်းအ၀ယ် စျေးနှုန်းတွေကိုတော့ ဒီနေ့ မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ  စျေးဖွင့်ထားခြင်း မရှိပါဘူး။

မန္တလေးဈေးကွက်မှာ ပဲဆီတပိဿာကို ၈၀၀၀−၈၅၀၀ကျပ်၊ နှမ်းဆီ တပိဿာကို  ၇၅၀၀−၈၀၀၀ ကျပ် နဲ့ အရောင်းအ၀ယ် ပြုလုပ်ကြပါတယ်။ 

စားသုံးဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးကို တပိဿာ ၆၀၂၅ ကျပ် သတ်မှတ်ပေးထားပေမဲ့ ပြင်ပ စျေးကွက်မှာတော့ တပိဿာကို ကျပ် ၇၀၀၀ ၀န်းကျင်မှာ အရောင်းအ၀ယ် လုပ်နေကြပါတယ်။

2 months Ago

August 4, 2020

ဒီးမော့ဆိုမြို့နယ်တွင် မိုးများပြီး နှမ်း၊ ပြောင်းနှင့် စပါးခင်းများ ပျက်စီး 

မိုးများပြီး မိုးရေဝင်လာတာကြောင့်  ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ စိုက်ပျိုးထားတဲ့ ပြောင်း၊ နှမ်းနဲ့ စပါးခင်း ဧက ၁၀၀ နီးပါး ပျက်စီးသွားပါတယ်။ ဩဂုတ် ၂ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒီးမော့ဆို မြို့နယ် ကုန်းသာကျေးရွာအုပ်စုက စိုက်ပျိုးထားတဲ့ နှမ်း၊ ပြောင်း နဲ့စပါးခင်းတွေ ရေဝင်ပျက်စီးနေတာ ဖြစ်ပါတယ်။ ကုန်းသာကျေးရွာမှာ စိုက်ပျိုးထားတဲ့ နှမ်းဧက ၂၀ ကျော်ဟာ ရိတ်သိမ်းနေချိန်မှာပဲ ရေဝင်ပျက်စီးနေတာဖြစ်ပြီး နှမ်းစိုက်တောင်သူတွေကတော့ ကောင်းနိုင်သေးတဲ့နှမ်းတွေကို ရေထဲက ပြန်လည်ဆည်ယူနေကြပါတယ်။ နှမ်း ၅ ဧက နီးပါး စိုက်ပျိုးထားတဲ့ ဒေါ်သင်းထူးဆန်းက   “ခါတိုင်းနှစ်က မိုးရွာတယ်။ ဒီနှစ်က မိုးခေါင်တော့ မိုးနောက်ကျမလားပေါ့နော်။ အဲတော့ နှမ်းထည့်ကြည့်တာ။ နှမ်းရိတ်ပြီး ၂ ရက်မိုးမရွာသေးဘူးပေါ့နော်။ နောက်မနေ့ညကမှ ချောင်းရေကြီးတာလည်းပါပါတယ်။ မနေ့က လပြည့်နေ့ ဘုန်းကြီးကျောင်းသွားတာ နှမ်းခင်းထဲရေကြီးကုန်ပြီလို့ ပြောလို့ သွားကြည့်တော့ အဲလိုဖြစ်ကုန်တယ်။” လို့ပြောပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့နှမ်းကတော့ စမုံနက်နှမ်းအမျိုးအစားဖြစ်ပြီး စိုက်ပျိုးကုန်ကျစရိတ် အနေနဲ့ တဧက ကျပ် ၈ သိန်းလောက်ကုန်ကျခဲ့တာဖြစ်ပြီး အခုလက်ရှိ မိုးရွာပျက်စီးမှုကြောင့် နှမ်းထွက်နှုန်းနဲ့ သုံးပုံတပုံသာ ဆယ်ယူနိုင်တော့မယ်လို့ ဒေါ်သင်းထူးဆန်းက ပြောပါတယ်။ “နှမ်းကလည်း တအားအသီးကောင်းတယ်ဆိုတော့ ဒီပြင်ခြေရင်းကနေထိပ်ဖျား အထိ ကောင်းတယ်ဆိုတော့ အစီး ၁၀၀ ကို တပုံးခွဲအဲလိုနီးပါးရတော့ အကယ်၍ထွက်ရင်တော့ ၈၀ ကျော် ၉၀ လောက်တော့ရမယ်။ ငွေပေါ့။ အခုကတော့ သုံးပုံတပုံလောက်ပဲ ပြန်ရတော့မယ်လို့ ထင်တာပေါ့နော်။” ရိတ်ပြီးသားနှမ်းတွေကို အခုဆယ်ယူနိုင်တဲ့တောင်သူရှိသလို မရိတ်ရသေးတဲ့နှမ်းခင်းတွေရှိ နေသေးတဲ့အတွက် မရိတ်သိမ်းရတဲ့အခင်းတွေကတော့ ပျက်စီးကုန်တယ်လို့လည်းပြောပါတယ်။ ဒီလိုအလားတူပဲ ကုန်းသာကျေးရွာမှာလည်း ပြောင်းဖူးဧက ၅၀ ကျော်လည်းစိုက်ပျိုးထားပြီး အဲဒီပြောင်းခင်းတွေလည်း ရေဝင်နေပါတယ်။  ဒီနေ့အထိ ရေဝင်နေတာ ၃ ရက်ရှိနေပြီဖြစ်ပြီး ရေမကျပဲ ဒီတိုင်းသာရေက ဆက်လက်ရှိ နေမယ်ဆိုရင် ပျောင်းခင်းအားလုံးပျက်စီးနိုင်တယ်လို့လည်း ပြောင်းစိုက်တောင်သူ ဦးငိုင်းက ပြောပါတယ်။ “အခုစိုက်ပျိုးထားတဲ့ဟာကတော့ ၃ လလောက်ရှိနေပြီ။ သို့သော်လည်း ဒီရေက သုံးလေးရက် ခံတယ်ဆိုရင်တော့ ပျက်စီးတဲ့သဘောပေါ့။ မလှတော့ဘူး။ ရောင်းလည်းမထွက်တော့ဘူးပေါ့။ အသီးလည်းမရင့်တဲ့အတွက်ကြောင့်ပေါ့။ ဒီလိုမျိုးပျက်စီးရင်တော့ ဝင်ငွေများဆုံးရှုံးပြီး မိသားစု ပေါ်လည်း အများကြီးထိခိုက်မှာပေါ့။ ” ပြောင်းခင်းတွေသာ ရေဝင်ပျက်စီးမှုမရှိရင် တဧက ပိဿာချိန် ၂၅၀၀ လောက်ရရှိနိုင်ပေမယ့် အခုလို ပျက်စီးမှုနဲ့ရင်ဆိုင်ရရင်တော့ အခက်အခဲများစွာ ဖြစ်ပေါ်နိုင်တယ်လို့လည်း ဦးငိုင်းက ပြောပါတယ်။ အလားတူပဲ ပြောင်းနဲ့နှမ်းမစိုက်ဘဲ စပါးစိုက်ပျိုးတဲ့တောင်သူတွေဟာလည်း အခုနှစ်မိုး ခေါင် တာကြောင့် စပါး စိုက်ပျိုးနောက်ကျခဲ့ရပြီး အခု စပါးစိုက်ပျိုးပြီး ၁၅ ရက်အကြာမှာပဲ စပါးခင်းထဲရေဝင်ကုန်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ “အခုမြုပ်တာကတော့ ၆ ဧကလောက်ရှိမယ်ထင်တယ်။ စပါးက ၁၅ ရက်လောက်ရှိပြီ ထင်တယ်။ ရေမြုပ်တာက ၃ ရက်ရှိပြီပေါ့။ အခုက ရေလည်းမကျသေးဘူး။ ရေက ဒူးလောက်ကျော်တယ်။ စပါးက ၆ လက်မပဲ ရှိသေးတယ်ဆိုတော့ လုံးဝမရတော့ဘူးလေ။ ပျက်ကုန်မှာပဲ။ ” လို့စပါးစိုက် တောင်သူ ဦးအုန်းစံက ပြောပါတယ်။ တောင်သူတွေအနေနဲ့ တနှစ်မှတခါသာ အခုလို စိုက်ပျိုးစားသောက်ကြတဲ့အတွက် ဒီလိုပျက်စီးမှုနဲ့ကြုံရတဲ့အခါမှာ အခက်အခဲများစွာဖြစ်ပေါ်နိုင်တယ်လို့လည်း ပြောပါတယ်။ လက်ရှိရေကြီးမှုဟာ မိုးများပြီးရေလျှံလာတာဖြစ်ပြီး ချောင်းရေမတက်သေးဘဲမိုးရေကြောင့် ရေဝင်နေတာလို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်တုန်းကတော့ အခုလို ရေကြီးမှုတွေကြုံတွေ့ခဲ့ရဖူးတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
2 years Ago
Up