close

နှိပ်စက်ခံရ

close

August 23, 2022

ရုရှား၏ဖမ်းဆီးမှုခံရချိန် နှိပ်စက်ခံရဟု လွတ်မြောက်လာသည့်ယူကရိန်းစစ်သား ၃ ဦး ပြော

စစ်ပွဲမှာ ဒဏ်ရာရလို့ ရုရှားတွေရဲ့ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်မြောက်လာတဲ့ ယူကရိန်းစစ်သား ၃ ယောက်ဟာ သူတို့ အဖမ်းခံနေရချိန်အတွင်း ရုရှားတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှုတွေကို ခံခဲ့ရကြောင်း သြဂုတ် ၂၂ ရက်က စွပ်စွဲခဲ့ပါတယ်။ 

သူတို့ဟာ မာရီယူပိုတောင်ဘက်ဆိပ်ကမ်းရှိ ကြီးမားတဲ့ သံမဏိစက်ရုံကနေ သီတင်းပတ်ချီ တိုက်ပွဲ ဝင်ခဲ့တဲ့ တပ်ဖွဲ့ထဲက အဖွဲ့ဝင်တွေဖြစ်ပါတယ်။ 

ဖမ်းဆီးခဲ့သူတွေဟာ သူတို့ကို အရပ်သားတွေအပေါ် ရာဇ၀တ်မှုကျူးလွန်ကြောင်း အတင်းအကျပ် ဝန်ခံခိုင်းတယ်လို့ ကိယက်ဗ်မြို့ရှိ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

ခြေထောက်တဖက် ဆုံးရှုံးခဲ့ရသူတဦးက ခြေထောက်ဖြတ်ပြီးနောက် ပဋိဇီဝဆေး မသောက်ရသေးခင်မှာဘဲ စစ်ဆေးမေးမြန်းခံခဲ့ရကြောင်း ပြောပါတယ်။

“အဲဒီမှာရှိတဲ့သူတွေကို နှိပ်စက်ခံရတယ်။ တချို့က ဒဏ်ရာတွေကို အပ်တွေနဲ့ထိုးတယ်။ တချို့က ရေနဲ့ နှိပ်စက်ခံရတယ်၊ တချို့က လုံလောက်တဲ့ ကုသမှု မခံယူရဘူး။” 

အကျဉ်းသားတချို့ကို ကိုယ်တုံးလုံးချွတ်ခိုင်းပြီး ထိုင်ထလုပ်ခိုင်းခဲ့ကြောင်း လွတ်မြောက်လာသူ တဦးဖြစ်ကလည်း ပြောပါတယ်။ 

သူတို့က အမိန့်ကို ဆန့်ကျင်လုပ်ဆောင်ခဲ့တာတွေ၊ မြို့ကိုဗုံးခွဲတာတွေမှာ ငါတို့လုပ်တာလို့ သက်သေထွက်ဆိုစေချင်ပြီး အပြစ်ပုံချချင်တာလို့လည်း ပြောပါတယ်။ 

သူတို့သုံးဦးဟာ ရုရှားစစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ဇွန်လတုန်းက ယူကရိန်း သုံ့ပန်း ၁၄၄ ဦးကို ရုရှားက လွှဲပြောင်းပေးကြောင်း ကြေညာခဲ့ပါတယ်။ 

ရုရှားတွေရဲ့ဖမ်းဆီးတာ ခံခဲ့ရတယ်ဆိုတဲ့ သူတို့ သုံးယောက်ရဲ့ ပြောဆိုချက်ကို ရိုက်တာကတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ 

မာရီယူပိုလ် ဒေသဟာ သုံးလကြာ တိုက်ပွဲတွေအတွင်း အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး ယူကရိန်းက အရပ်သား သောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ 

ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတာ ငြင်းဆိုထားပါတယ်။  ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။

ယူကရိန်းဟာ ရုရှားကို စစ်ရာဇ၀တ်မှုတွေနဲ့ အရင်က စွပ်စွဲထားပြီး မော်စကိုက အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ 

58 mins Ago

August 15, 2020

တပ်မတော်က ဖမ်းဆီးသွားသည့် အလယ်ချောင်းရွာသားများ နှိပ်စက်ခံရဟု မိသားစုပြော 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့က  တပ်မတော်စစ်ကြောင်းက သံသယနဲ့ လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် စစ်ဆေး ထိန်းသိမ်းထားစဉ်မှာ ညှဉ်းပန်းနှိပ်စက်တာတွေရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းဆီးထားသူတွေကို ကျောက်ဖြူမြို့မရဲစခန်းကို တပ်ကလွှဲပြောင်းပေးခဲ့ပြီးနောက် အေအေနဲ့ ဆက်စပ်တယ်လို့ဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၁၄ ရက်က ကျောက်ဖြူခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရမန်ရယူဖို့ ရုံးထုတ်စဉ်မှာ မိသားစုဝင်တွေကို အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။  ဖမ်းဆီးခံထားရသူ တစ်ဦးရဲ့ ဇနီးဖြစ်သူ ဒေါ်ပုမချေက “ကျမတို့ ဒီနေ့မှာ တွေ့ခဲ့ရတယ်၊ သူတို့က အရမ်းပိန်သွားကြတယ်။ သူတို့ ရိုက်နှက်ခံရတယ်။ သူတို့ မြေအောက်လိုဏ်ခေါင်းထဲမှာ နေခဲ့ရတယ်။ ခြေထောက်ကို ထိတ်တုံးခတ်ထားတယ်။ လက်ကို နောက်ပြန်ချည်ထားတယ်၊ ထမင်း ၅ ရက် မစားရဘူး၊ ရေလည်း မသောက်ရဘူး၊ ၆ ရက်မြောက်တဲ့နေ့မှ ထမင်းတနပ်ကျွေးတယ်လို့ ပြောတယ်။ သူတို့တွေထဲမှာ တချို့ကတော့ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေ အခုအချိန်အထိ ရှိနေသေးတယ်။ သံကြိုးနဲ့ချည်ပြီးတော့ ဆွဲတာတွေ၊ မီးတိုက်တာတွေ ရှိတယ်လို့ ပြောတယ်။ အခု အဖမ်းခံရတဲ့သူတွေဟာ ရွာမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့သူတွေပါ သူတို့ကို ဖမ်းသွားတုန်းက ဝယ်ယူစားသောက်လို့ရအောင် ပိုက်ဆံပေးလိုက်တာကိုလည်း အေအေအဖွဲ့အတွက်ပိုက်ဆံကောက်တယ် ဆိုပြီးတော့လည်း သူတို့က စွပ်စွဲတယ်ဆိုပြီး ပြောတယ်။ အခုလည်း သူတို့က ကျမအမျိုးသား အပါအဝင် ရွာကသူတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အကြမ်းဖက်နဲ့ တရားစွဲဆိုထားကြတယ်”လို့ ပြောပါတယ်။ အလယ်ချောင်းကျေးရွာမှ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင် မယဉ်ယဉ်သန်းက “ကျမတို့က ဒီနေ့တွေ့တဲ့အခါ မေးတော့ နှိပ်စက်ခံရတယ်၊ ထမင်းလည်း ၅ ရက်တိတိ မစားရဘူး၊ ခြေထောက်ကိုလည်း ထိတ်တုံးခတ် ထားတယ်။ လက်ကိုလည်း နောက်ပြန်ချည်ထားတယ်၊ အင်္ကျီထဲကို ဗုံးတွေထည့်ပြီးတော့ ခြိမ်းခြောက်တယ်၊ နားထင်ကိုလည်း သေနတ်နဲ့ထောက်ပြီးတော့ ခြိမ်းခြောက်တယ်လို့ ပြောတယ်။ လက်တွေမှာဆိုရင်လည်း ဒဏ်ရာတွေက အများကြီး၊ သူတို့တွေရဲ့ပုံစံတွေကို ကြည့်လိုက်တော့လည်း ကြည့်မကောင်းဘူး ဖြစ်သွားတယ်၊ အိမ်က ဖမ်းသွားတုန်းက ပုံစံတွေနဲ့တခြားစီပေါ့၊ တော်တော်ကြီးကို ပိန်သွားကြတယ်၊ သူတို့က အစာရေစာ မကျွေးဘူး၊ လက်ကိုလည်း ကြိုးနဲ့ချည်ပြီးတော့ ရိုက်နှက်ကြတယ်လို့ ပြောတယ်”လို့ ပြောပါတယ်။ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်က ညှဉ်းပန်းနှိပ်စက်မှုတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီနဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ အလယ်ချောင်းကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့မနက်ပိုင်းက တပ်မတော်မှ ကျေးရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့မှာ ကိုစိုးမြင့်ထွန်း သေဆုံးသွားခဲ့ပါတယ်။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ကိုစိုးမြင့်ထွန်း သေဆုံးတာဟာ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချသေဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့်  မိသားစုဝင်တွေကတော့ သေဆုံးသူရဲ့အလောင်းမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ပြောပါတယ်။ သတင်း- နောင်နောင်
2 years Ago
Up