close

နှိပ်စက်ငွေညှစ်

close

August 26, 2021

မူးယစ်တရားခံကို နှိပ်စက်ငွေညှစ်ခဲ့သည့် ထိုင်းရဲ ၅ ဦးဖမ်းမိ

ထိုင်းနိုင်ငံ၊ နခွမ်းဆဝမ်ရဲစခန်းမှာ မူးယစ်တရားခံတစ်ဦးကို သေဆုံးတဲ့ထိ  ငွေညှစ်စစ်ဆေးခဲ့တဲ့ စခန်းမှူးနဲ့ အပေါင်းပါ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၇ ဦးကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားရာမှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့ထိ ၅ ဦးကို ဖမ်းဆီးရမိပြီး  ၂ ဦးလွတ်မြောက်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးရမိသူတွေမှာ ရဲမှူး ၁ ဦး၊ ဒုရဲမှူး ၁ ဦး ၊ ရဲတပ်ကြပ် ၁ ဦး၊ ရဲအရာခံဗိုလ် ၂ ဦး ပါဝင်ပြီး အများစုက မိမိဖာသာလာရောက်အဖမ်းခံတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးကို အာမခံမပေးဘဲ နခွမ်ဆဝမ်ခရိုင်တရားရုံးအချုပ်ခန်းကို ဒီကနေ့မနက်မှာ ပို့ဆောင်လိုက်ပြီ ဖြစ်ပါတယ်။ 

ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးမှာတော့ အဓိကအကျဆုံးဖြစ်တဲ့ စခန်းမှူး ကျို့ ခေါ် ရဲမှူးကြီး ထိတီဆန် အုတ်ထနဖွန်း ( ၃၉ နှစ် ) နဲ့ ရဲအုပ်  ၁ ဦး ဖြစ်ပါတယ်။ 

စခန်းမှူးကျို့ နဲ့ ရဲအုပ်ဟာ မူလက တာ့ခ်ခရိုင်နယ်စပ်ဘက်လိုလို၊ လာအိုနယ်စပ်ဘက်လိုလို  ထွက်ပြေးသွားကြောင်း သတင်းတွေထွက်ပေါ်နေပေမယ့်လည်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ကတော့ သူတို့နှစ်ဦးဟာ ထိုင်းမြေပေါ်မှာဘဲ ရှိနေသေးတယ်လို့ ယုံကြည်ပြီး မိအောင်ဖမ်းရမယ်၊ မိမှဖြစ်မယ်၊ မြန်ရမယ် ဒါပေမဲ့ အဖိတ်အစင်မရှိရဘူးလို့ ထိုင်းရဲချုပ်ကြီး ဆူဝပ်ကျဲန့်ယွတ်ဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါပေမဲ့ ထိုင်းနယ်စပ် တံခါးပေါက်တွေအကုန်လုံးကို ကြပ်မတ်စောင့်ကြည့်ဖို့ သက်ဆိုင်ရာ နယ်ခြားစောင့်တပ်၊ နယ်မြေခံတပ် ၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ အကုန်လုံးကို ညွှန်ကြားထားသလို အိမ်နီးချင်းနိုင်ငံက အာဏာပိုင်တွေထံလည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားထားတယ်လို့ ရဲချုပ်ကြီးက ပြောပါတယ်။ 

တာဝန်ရှိသူတွေဟာ မနေ့က စခန်းမှူးကျို့ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရှာ ဖွေရာမှာ သူ့ရဲ့နေအိမ်ဟာ ၂ ဧကရှိခြံကျယ်ကြီးထဲမှာ ရေကူးကန်တွေနဲ့ ဟိုတယ်သမျှ ခမ်းနားစွာ တည်ဆောက်ထားပြီး နောက်ဆုံးပေါ်ဇိမ်ခံကား အစီးရေ ၃၀ ခန့်ကိုလည်း တွေ့ရှိရပါတယ်။ 

ဒါ့အပြင် ငွေကြေးပိုင်ဆိုင်မှု ဘတ်သန်းပေါင်း ၂၃၀ ကျော်ရှိကြောင်း၊ ရဲမှူးကြီးတစ်ယောက်ရဲ့ လစာဟာ ဘတ် ၄၀၀၀၀ သာရှိပြီး အခုလိုကြွယ်ဝချမ်းသာနေရတဲ့ အကြောင်းရင်းကိုလည်း တာဝန်ရှိသူက ဆက်လက်စုံစမ်းနေပါတယ်။

စခန်းမှူးကျို့နဲ့ အပေါင်းပါတွေဟာ တရားခံတွေဆီကနေ ငွေမတရားတောင်းတာရှိခဲ့ပြီး ငွေပေးနိုင်ရင် အမှုကလွတ်ကင်းခဲ့ကြောင်း လွတ်မြောက်သူအချို့ကလည်း သတင်းထောက်တွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားကလည်း ဒီအမှုမှာပါဝင်သူ ၇ ဦးလုံးကို  အထိရောက်ဆုံး အရေးယူအပြစ်ပေးဖို့၊ ဌာနနဲ့ရာထူးကို အလွဲသုံးစားလုပ်ပြီး လုပ်သားပြည်သူအကျိုး စီးပွားပျက်စီးအောင်လုပ်ဆောင်နေတဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူဖို့ ၊ အဆိုပါဝန်ထမ်း တွေ ဆက်လက်ကြီးထွားရှင်သန်နိုင်ခြင်းမရှိအောင် စီမံဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ 

နခွမ်းဆဝမ်မြို့မှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးသူ အသက် ၂၀ ကျော်ရွယ် စုံတွဲတစ်ခုကို ရဲတွေဖမ်းမိပြီး သူတို့ ဘတ် ၂ သန်းပေးရင် အမှုက လွတ်ပေးမယ်လို့ ညှိနှိုင်းပေမယ့် တရားခံက ၁ သန်းဘဲပေးနိုင်တာကြောင့် စခန်းမှူးကိုယ်တိုင် အိပ်နဲ့ ခေါင်းစွပ်ပြီး ညှဉ်းပန်းငွေညှစ်ရာက တရားခံသေဆုံးခဲ့တာ ဖြစ်ပါတယ်၊ အဆိုပါဖြစ်စဉ်ကို အောက်ခြေ ဝန်ထမ်းတွေက မခံမရပ်နိုင်ဖြစ်ပြီး ရဲချုပ်ရုံးနဲ့ ရှေ့နေတွေကို တိုင်ကြားခဲ့ရာက လူသိရှင်ကြားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

6 mins Ago
Up