မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ Local PDF စခန်းတခုကို ပကဖက ဝင်ရောက်စီးနင်းခဲ့လို့ အမှန်တရားပေါ်ပေါက်ဖို့နဲ့ တရားမျှတမှုရှိဖို့ Phoenix Defence Battalion-PDB ရဲ့ တပ်ရင်းမှူးက တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၂၀ ရက်မှာ PDBနဲ့ ထောက်ပို့ပြည်သူတွေနဲ့ အစည်းဝေးလုပ်နေတဲ့အချိန်မှာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၄)နဲ့ ပကဖ အဖွဲ့တွေက ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြတာလို့ ပြောပါတယ်။
ဒီဖြစ်စဥ်မှာ PDB ရဲဘော်တွေနဲ့ ထောက်ပို့အဖွဲ့ဝင် ၃၀ ကျော်လောက်ဖမ်းဆီးခံခဲ့ရပြီး တပ်ရင်းမှူး ကိုဗစ်အပါအဝင် ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ လက်နက်ခဲယမ်းတွေနဲ့ ပြည်သူတွေထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ် သိန်း ၂၀၀ သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
PDB တပ်ရင်းမှူး ကိုဗစ်က “ကျနော်တို့ဆီကိုတော့ ပြဿနာရှိတဲ့အကြောင်းကို ဖုန်းဆက်အကြောင်းကြားထားတာလည်းမရှိဘူး။ စာထုတ်ထားတာလည်းမရှိဘူးဗျ။ ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခံလိုက်ရမှ ကျနော်တို့ ပြေးလိုက်ရတာ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေမှာ မှားယွင်းတာမျိုးရှိတယ်ဆိုရင်၊ တိုင်ကြားထားတာမျိုးရှိတယ်ဆိုရင် ပထမအဆင့် ဖုန်းဆက်ပြီးဖြစ်ဖြစ် စာပို့ပြီးဖြစ်ဖြစ်ခေါ်စေချင်တယ်။ အဲလိုခေါ်လို့မှမလာဘူးဆိုမှသာ ဒီလိုဝင်စီးတာမျိုးလုပ်သင့်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာပအဖ ခေါင်းဆောင်တွေကို ဆက်သွယ်မေးမြန်းရာမှာ အရေးပေါ်ဝင်ရောက်ဖမ်းဆီးလိုက်ရတာလို့ အကြောင်းပြန်တယ်။ ကျနော်တို့ ပြဿနာတွေရှိရင် ဒေသတွင်းက အဖွဲ့စည်းပေါင်းစုံရဲ့ရှေ့မှာ စစ်ဆေးခံပြီး ပေးတဲ့အပြစ်ကို ခံယူဖို့ပြောပေမဲ့သူတို့ ဘက်ကလက်မခံဘဲ ကျန်တဲ့အဖွဲ့စည်းတွေကို အသိမပေးဘဲ ရှင်းချင်တယ်”လို့ ပြောပါတယ်။
ဒေသခံ Local အဖွဲ့ဆိုပေမယ့် NUG ရဲ့လက်အောက်ခံအဖွဲ့အဖြစ်နဲ့ ရပ်တည်ဖို့အတွက် တိုင်းအဆင့်ထိသွားရောက်ပြီး စာတင်ထားကြောင်းနဲ့ ကစတွေ၊ ပျူတွေ၊ ရဲတွေ၊ ဒလန်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ လုံးဝမလုပ်ပဲ တော်လှန်ရေးပြီးတဲ့အထိ ဖြူစင်ရိုးသားစွာနဲ့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။
ဘာကြောင့်ဝင်ရောက်စီနင်း ဖမ်းဆီးတယ်ဆိုတာကို မသိရှိရသေးဘဲ ဖမ်းဆီးခံရတဲ့အထဲ PDFရဲဘော်တွေ၊ ထောက်ပို့အဖွဲ့တွေ၊ ကလေးသူငယ်တွေပါဝင်နေပြီး မှားတာ ရှိရင် အပြစ်ဒဏ်ကိုခံယူဖို့ အသင့်ဖြစ်သလို မှန်ရင်လည်း ဖမ်းဆီးသွားတဲ့သူတွေကို ပြန်လွှတ်ပေးကာ သိမ်းဆည်းခံခဲ့ရတဲ့ လက်နက်ခဲယမ်းတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ပြန်ပေးဖို့ ကိုဗစ်က ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတယောက်ကတော့ ဒီကိစ္စတွေအားလုံးကို ဝန်ကြီးဌာနကို တင်ပြထားပြီး ပြောရေးဆိုခွင့်မရှိတာကြောင့် ဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်မေးမြန်းဖို့ ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က “ကျနော်တို့ဆီကိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ သတင်းရောက်ရှိခြင်းမရှိသေးပါဘူး။ ကျနော်တို့ စုံစမ်းမှု ဆက်လုပ်သွားပါမယ်လို့"ပြောပါတယ်။
PDB ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ ပကဖတွေ ပအဖအဖွဲ့တွေ မဖွဲ့ခင်ကတည်းက စစ်ကောင်စီရဲ့ ယာဥ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်ကာ တော်လှန်ခဲ့တဲ့ အဖွဲ့စည်းတခုဖြစ်ပြီး နောက်ပိုင်းမှာ ယောကာကွယ်ရေးတပ်-YDF ရဲ့တပ်ရင်းတခုအဖြစ်ရပ်တည်ခဲ့ကာ YDF တပ်ရင်းကနေ နုတ်ထွက်ခဲ့ပြီး သီးခြားရပ်တည်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက်က ဧရာဝတီမြစ်ကြောင်းတလျှောက် ဆန်တက်လာတဲ့ စစ်ရေယာဉ်တန်းရဲ့ ပစ်ခတ်မှုကြောင့် မြစ်ဘေးရှိ ကျေးရွာတွေက နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကျွဲနွားသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ရေယာဉ် ၇ စင်းဟာ ကသာမြို့ကို ထီးချိုင့်ကတဆင့် ဆန်တက်လာတာဖြစ်ပြီး မြစ်ကမ်းတလျှောက်ရှိ ရွာတွေ၊ လယ်ယာတဲတွေ၊ သာသနိက အဆောက်အအုံတွေပါမကျန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ သိထားတာကတော့ ထိခိုက်ပျက်စီးတာ နေအိမ် ၁၀ လုံးမကဘူး။ သာသနာ့အဆောက်အအုံတချို့လည်း ထိတယ်။ လက်နက်ကြီးထိတာ။ လူထိခိုက်မှု အခြေအနေတော့ မသိရသေးဘူး။ ဆက်ပြီး စုံစမ်းနေဆဲပါ။ လယ်ကွင်းဘက်တွေလည်း ပစ်နေ ကြတာ။ အိမ်မွေးတိရစ္ဆာန် ကျွဲနွားတွေကတော့ သေဆုံးတာတွေရှိတယ်။”
အဲဒီနေ့ ညနေ ၃ နာရီမှာတော့ စစ်ရေယာဉ်တန်းဟာ ကသာမြို့ကို ရောက်ရှိလာတယ်လို့ သိရပြီး ဧရာဝတီမြစ်ကြောင်းအထက်ပိုင်းကို ထပ်မံဆန်တက်မယ့် အစီအစဉ်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ကသာမြို့ အထက်ဘက်ရှိ ဧရာဝတီမြစ်ကြောင်းဘေးက ကျေးရွာနေပြည်သူတွေ အနေနဲ့ အသက်အန္တရာယ်မရှိစေရေးနဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ကျွဲနွားတွေကို ဘေးကင်းစေရေးအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ထုတ်ပြန်ထား ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့က မြစ်ကြောင်းတလျောက် ပစ်ခတ်မှုကြောင့် နေအိမ်နဲ့ အဆောက်အအုံ ပျက်စီးမှုတွေ၊ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုအလိုက် ရပ်ကျေး (ပကဖ) တွေကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ)ထံတင်ပြပြီး သတ်မှတ်ချက်အတိုင်း အကူအညီ တောင်းခံနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။