မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရေနံသာ-PDF က တာဝေးပစ် ရော့ကက်တမျိုးနဲ့ ဗုံးသီး ၂ မျိုးနဲ့ ပစ်ခတ်လို့ရတဲ့ ပခုံးထမ်းလောင်ချာ စမ်းသပ်ထုတ်လုပ် အောင်မြင်ခဲ့တယ်လို့ ရေနံသာ-PDF ကနေ သိရပါတယ်။
ပစ်မှတ်ကို ၃ မိုင်ခွဲလောက်အထိ တိကျစွာ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ရော့ကက်တမျိုးနဲ့ ပခုံးထမ်း ဗုံးပစ်လောင်ချာနဲ့ ရှေ့ထွက်မိုင်းတွေ စမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ရေနံသာ-PDF ရဲ့ လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ကိုဖန်ခါးက ဒီဗွီဘီကို ပြောပါတယ်။
ဗုံးသီး ၂ မျိုးနဲ့ ပစ်ခတ်လို့ရတဲ့ ပခုံးထမ်း ဗုံးပစ်လောင်ချာရဲ့ ကုန်ကျစရိတ်က ၁၅၀,၀၀၀ ကျပ်လောက်ရှိပြီး ကျည်ဆန်တတောင့်ကို ၅,၀၀၀ နဲ့ ၆,၀၀၀ ကျပ်ကြား၊ ကျကွဲကျည်ကတော့ ၁၀,၀၀၀ ကျပ်နဲ့ ၁၂,၀၀၀ ကျပ်ကြား၊ တာဝေးပစ်ရော့ကက်ကျည်ကတော့ တလုံးကို ၂၀၀,၀၀၀ ကျပ်လောက်နဲ့ ရှေ့ထွက်မိုင်းတလုံးကို ၁၅၀,၀၀၀ ကျပ်လောက် ကုန်ကျတယ်လို့ ဆိုပါတယ်။
ဒီလက်နက်ခဲယမ်းတွေ ထုတ်လုပ်နိုင်ဖို့ ၃ လကျော် စမ်းသပ်ခဲ့ရပြီး ကုန်ကြမ်းပစ္စည်း ရှာဖွေရတာတွေ၊ ထုတ်လုပ်ရေးပိုင်းမှာ ငွေရေးကြေးရေး ဘတ်ဂျက် အခက်အခဲတွေ ရှိနေတယ်လို့ ကိုဖန်ခါးက ပြောပါတယ်။
လက်နက်လုပ်ရာမှာ ထုတ်လုပ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိပေမဲ့ ပခုံးထမ်းလောင်ချာကို ကိုယ်တိုင်စမ်းသပ်ရင်း နှပ်ရိုးကျိုးသွားလို့ CDM ဆရာဝန်တွေ၊ ဆရာမတွေက ဆေးကုသပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ရေနံသာ-PDF တပ်ခွဲမှူး ကိုဗလက “ရှေ့ထွက်မိုင်းတွေကတော့ တော်လှန်ရေးတပ်ဖွဲ့တိုင်း သိပါတယ်။ ပခုံးထမ်း ဗုံးပစ်လောင်ချာအနေနဲ့ကတော့ သူတို့ဘက်က သေနတ် ၅ လက်စာလောက်ကို တလက်တည်းနဲ့ ခံပစ်လို့ရတယ်။ နောက်ထပ်ဗုံးသီးတမျိုးကတော့ သူတို့ရဲ့ အဆောက်အဦတွေ၊ ဘန်ကာတွေကို ပစ်ခတ်ဖြိုခွင်းနိုင်တယ်။ တာဝေးပစ် ရော့ကက်ကတော့ အဝေးကနေ ၃ မိုင်ခွဲ၊ ၄ မိုင်လောက်အထိ လှမ်းပစ်လို့ရတာကြောင့် တော်လှန်ရေးအတွက် များစွာအထောက်ကူပြုတယ်” လို့ ပြောပါတယ်။
တာဝေးပစ် ရော့ကက်တွေကိုတော့ လက်တွေ့ စစ်မြေပြင်မှာ အသုံးပြုနေပြီး ပခုံးထမ်းလောင်ချာကတော့ ထုတ်လုပ်အောင်မြင်ပြီး ကုန်ကြမ်းရှာဖွေရတာ မလွယ်ကူသလို ဘတ်ဂျက်မရှိတာကြောင့် ဆက်လက်ထုတ်လုပ်နိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
ပခုံးထမ်းလောင်ချာ ထုတ်လုပ်တဲ့ နည်းပညာတွေကို ဆာလင်းကြီးမြို့နယ်ဘက်မှာ မျှဝေပေးခဲ့ပြီး လက်နက်ခဲယမ်းတွေ ထပ်မံထုတ်လုပ်ပြီးရင်တော့ ညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်လည်ဖြန့်ဝေပေးသွားမယ်လို့ ကိုဗလက ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းအသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ရဟတ်ယာဉ်တွေကိုခြိမ်းခြောက်နိုင်တဲ့ Patriot ပခုံးထမ်းလောင်ချာကို ယောဒေသကာကွယ်ရေးတပ် (YDF)က အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်လို့ “မြေပြင်ကိုလည်း သိမ်းမယ်၊ ဝေဟင်ကိုလည်းထိန်းမယ်” လို့အမည်ပေးထားတဲ့ ဒေါ်လာ ၂ သိန်းခွဲ ရန်ပုံငွေရှာတဲ့ ကမ်ပိန်းကို သြဂုတ် ၉ ရက်က စတင်လိုက်ပါတယ်။
YDFနဲ့ မဟာမိတ်တွေအားလုံးအတွက် လက်နက်တွေ အမြန်ဆုံးနဲ့ အများဆုံးအရေအတွက် ရအောင် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိဖို့အတွက် ဒီကမ်ပိန်းကို စတင်လိုက်တာဖြစ်တယ်လို့ YDF Fundraising Team အဖွဲ့ဝင်တဦးက ပြောပါတယ်။
“ကျနော်တို့ရဲ့ ကြိုးပမ်းမှုနဲ့ ပခုံးထမ်းတွေဆိုတာက နည်းပညာခက်ခက်ခဲခဲနဲ့ တီထွင်နိုင်ခဲ့ပြီ။ ခက်တာက တိုက်ပွဲဝင်အရေအတွက်ရအောင် ထုတ်လုပ်ဖို့က ပြည်သူ့အားလိုပါတယ်။ ပခုံးထမ်းဟာ လေထဲက ရန်သူကို ကောင်းကောင်းခြိမ်းခြောက်နိုင်ပါတယ်။ မမြင်ဖူးရင် ရုပ်ရှင်တွေထဲ ကြည့်ပါ။ တလက်မှ ကျပ်သိန်း ၂၀ အောက်ကုန်ကျမယ့် ပခုံးထမ်းတွေ အများအပြားနဲ့ ဒေါ်လာမီလီယံကျော် ရဟတ်ယာဉ်ကြီးကို ဘယ်လိုပစ်ချလိုက်တာဆိုတဲ့ ဇာတ်လမ်းတွေ ပြောပြနိုင်ဖို့ ဒေါ်လာ ၂ သိန်းခွဲ ရဟတ်ယာဉ်ကို ပစ်ချမယ့် အိပ်မက် အကောင်အထည်ဖော်ချင်ပါတယ်။ တယောက်ဒေါ်လာ ၁၀၀ ထည့်ရင် လူ ၂,၅၀၀ ပဲ လိုတာပါ အများကြီး မဟုတ်ပါဘူး။”
ပခုံးထမ်းလောင်ချာတွေကို လျှို့ဝှက်ထုတ်လုပ်နေတာလည်း ၆ လလောက်ရှိနေပြီး အရင်က ကိုယ်ပိုင်ငွေနဲ့ လုပ်ခဲ့ကြရာက အခုကတော့ အနည်းဆုံး စမ်းသပ်ပစ်ခတ်နိုင်တဲ့ အဆင့်ရောက်ပြီ ဖြစ်လို့ အများပြည်သူထံ ရန်ပုံငွေတောင်းခံရခြင်း ဖြစ်တယ်၊ ဒီရလဒ်ထွက်လာဖို့ ရဲဘော်တွေရဲ့ ခြေလက်အင်္ဂါတွေ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့တယ်လို့ YDF Fundraising Team ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
YDF အနေနဲ့ ခါးချိုးသေနတ်တွေ၊ တလုံးထိုးသေနတ်တွေ၊ ၄၀ မမ သေနတ်နဲ့ ၄၀ မမ ဗုံးသီး (version3)၊ ၆၀ မမ မော်တာနဲ့ ၆၀ မမ ဗုံးသီး ၊ ၈၀ မမ မော်တာနဲ့ ၈၀ မမ ဗုံးသီး၊ Patriot ပခုံးထမ်းလောင်ချာ(1.5 Mile)၊ Patriot ပခုံးထမ်းလောင်ချာ(2.5Mile)၊ YDF –Bomber Drone ၂ ကီလိုအထိသယ်နိုင်တဲ့ ဗုံးကြဲဒရုန်းတွေ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိ စမ်းသပ်ထုတ်လုပ်နေတဲ့ လက်နက်တွေကတော့ Patriot –P1 ၅ မိုင်ကျော်သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ Patriot –P2 ၅ မိုင်ကျော် သွားနိုင်တဲ့ တာဝေးပစ်ဒုံး၊ တာဝေးပစ်ဒုံးမှာ အသုံးပြုနိုင်တဲ့ GPS Guided Module တွေဖြစ်ပါတယ်။
YDF အနေနဲ့ စစ်လက်နက်တွေ ထုတ်လုပ်ရာမှာ ရန်သူ့စစ်တပ်ကို မဟာဗျူဟာကျကျ တိုက်ခိုက်နိုင်မယ့် လက်နက်တွေ ထုတ်လုပ်နိုင်ရေး၊ YDF နဲ့ ထိစပ်ထားတဲ့ မဟာမိတ်တွေနဲ့ ခွဲဝေသုံးစွဲနိုင်ရေးကို ရည်မှန်းထုတ်လုပ်တယ်လို့ သိရပါတယ်။
ယောဒေသကာကွယ်ရေးတပ်ဟာ ယောဒေသရှိ မြို့နယ် ၅ ခုရဲ့ အခြေပြုလှုပ်ရှားနေတဲ့ ဒေသခံကာကွယ်ရေးတပ်တခု ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားတဲ့ ဒေသခံတပ်တခု ဖြစ်ပါတယ်။
ယောကာကွယ်ရေးတပ်-YDF ဟာ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်တော်လှန်တဲ့ အဖွဲ့ထဲမှာ အစောဆုံးအဖွဲ့တဖွဲ့ဖြစ်ပြီး သက်တမ်းတနှစ်ကျော်အတွင်းမှာ ပြည်သူတွေရဲ့ ထောက်ပို့မှုနဲ့ စစ်ကောင်စီ အာဏာရှင် လက်ကိုင်တုတ် အမြောက်အမြားကို သုတ်သင်ထားနိုင်ခဲ့တယ်လို့ YDF ကနေ သိရပါတယ်။