မက္ကဆီကိုနယ်စပ်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန်တပ်ဖွဲ့ အင်အား ၁,၅၀၀ ဟာ မေလ ၁၀ ရက် အစောဆုံး စတင်ရောက်ရှိလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က မေလ ၂ ရက်မှာ ပြောကြားပါတယ်။
တပ်ဖွဲ့ဝင်တွေကို စေလွှတ်နေချိန်မှာ ပင်တဂွန်ဟာ အရန်တပ်က အလားအလာရှိတဲ့ တာဝန်ကျဝန်ထမ်းတွေနဲ့ အစားထိုးဖို့ နည်းလမ်းတွေကို ရှာဖွေနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
အခုလ နှောင်းပိုင်းမှာ ကိုဗစ်-၁၉ နယ်စပ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ချိန်မှာ တရားမဝင် လူဝင်မှုကြီးကြပ်ရေး မြင့်တက်လာနိုင်ချေအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ထားကြောင်း ရိုင်ဒါက အတည်ပြုပါတယ်။
ရက်ပေါင်း ၉၀ ကြာ တာဝန်ကျ တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ထားတာဟာ အမေရိကန် နယ်စပ်ကင်းလှည့်လုပ်ငန်းကို အားဖြည့်ပေးမှာဖြစ်ပေမဲ့ တရားဥပဒေစိုးမိုးရေး တာဝန်တွေကိုတော့ ထမ်းဆောင်မှာမဟုတ်ကြောင်း ပင်တဂွန်က ပြောပါတယ်။
သူတို့ဟာ မြေပြင်အခြေခံ စောင့်ကြည့်တာ၊ ဒေတာဖြည့်သွင်းတာ၊ နယ်စပ်အေးဂျင့်တွေကို ရှင်းလင်းဖို့အတွက် အရေးကြီးတဲ့ စွမ်းဆောင်ရည် ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ စာရင်းအင်း လက်ခံ/ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားအစောင့်တပ် အင်အား ၂,၅၀၀ လောက်ကို ဆက်ပြီး တပ်ဖြန့်ထားဦးမှာပါ။
မေလ ၁၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မယ့် Title 42 လို့ခေါ်တဲ့ ကန့်သတ်ချက်တွေဟာ အမေရိကန် အာဏာပိုင်တွေအနေနဲ့ မက္ကဆီကန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်တောင်းခံဖို့ အခွင့်အရေးမပေးဘဲ မက္ကဆီကိုကို မြန်မြန်ဆန်ဆန် နှင်ထုတ်ခွင့်ပြုထားပါတယ်။
မက္ကဆီကိုအစိုးရကတော့ အမေရိကန်-မက္ကဆီကို နယ်စပ်လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေချထားမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယလ် လိုပက်ဇ် အိုဘရာဒေါက မေလ ၂ ရက် သူ့ရဲ့ နေ့စဉ် နံနက်ခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်၊ အမေရိကန်နဲ့ ရုရှားတို့ အပြိုင်အဆိုင် တီထွင်နေကြတဲ့ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ်ဒုံးစနစ်ကို တရုတ်က ရုရှားထက် ပိုအောင်မြင်ခဲ့တဲ့အတွက် အမေရိကန်အခြေစိုက်စခန်းတွေကို လျှပ်တပြက် ပစ်ခတ်တိုက်ခိုက်နိုင်ပြီလို့ ပင်တဂွန် ထိပ်တန်းသိပ္ပံပညာရှင်က အသိပေးလိုက်ပါတယ်။
အမေရိကန် ထောက်လှမ်းရေးအေဂျင်စီရဲ့ ဒါရိုက်တာ ပေါလ်ဖရိုက်ရှ်လာ ပြီးခဲ့တဲ့တပတ်က အမေရိကန်လွှတ်တော်မှာ “မဟာဗျူဟာ ပြိုင်ဆိုင်မှုရဲ့ နောက်ခံသမိုင်းမှာ လွန်ခဲ့တဲ့ နှစ်များစွာ အတွင်း အပြိုင်အဆိုင်တီထွင်ခဲ့ကြတယ်။ ပြိုင်ဘက်တွေရဲ့ အမေရိကန် ကုန်းမကြီးပေါ် အန္တရာယ်ပေးလာနိုင်တဲ့ လက်နက်အဆင့် ဘယ်လောက်မြင့်မားနေသလဲ အတိအကျ မသိနိုင်ခဲ့ဘူး။ တရုတ်က ရုရှားထက် ပိုအဆင့်မြင့်မားတဲ့ တီထွင်အောင်မြင်မှုကို ရရှိထားနိုင်ပြီလို့ သိရတယ်။ အမေရိကန်ရဲ့ ကာကွယ်ရေးစနစ်၊ ဆင်ဆာစနစ်တွေကို တိမ်းရှောင်ဖောက်ထွက်နိုင်တဲ့ နျူးကလီးယားတင်ဆောင် ဟိုက်ပါဆိုးနစ်ဒုံးတွေ တရုတ် တီထွင်ထားနိုင်တယ်လို့ ယူဆရတယ်” လို့ သတိပေး ပြောကြားသွားတယ်လို့ နိုင်ငံပိုင်သတင်းတွေက ဆိုပါတယ်။
တရုတ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက တိုက်ချင်းပစ် ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်နေခဲ့ပြီး ၂၀၂၁ ဇူလိုင်လက ကမ္ဘာပတ်ပစ်နိုင်တဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုလည်း ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
အမေရိကန်ဘက်ကနေပြီးတော့လည်း ဒီလို ဟိုက်ပါဆိုးနစ်ဒုံးတွေကို သတ်မှတ်ထားတဲ့ အကွာအဝေး အရောက်မှာ ဖျက်ချနိုင်စွမ်းရှိတဲ့ MUTANT ဖျက်ဒုံးစနစ် အောင်မြင်စွာ ထုတ်လုပ်ထားနိုင်ပြီလို့ AP သတင်းအရသိရပါတယ်။