မကြာခင် ကျရောက်မယ့် သင်္ကြန်ကာလ ပိတ်ရက်အတွက် ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားအရေအတွက် တိုးလာမယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေခန့်မှန်းထားပြီး သင်္ကြန် ရုံးပိတ်ရက်အတွင်း ကမ်းခြေဒေသတွေမှာ ဟိုတယ်အခန်းခတွေ စျေးမြင့်နေပေမယ့် ကြိုတင် ဘိုကင်တင်ထားသူတွေ ပြည့်နေတယ်လို့လည်း ပြောပါတယ်။
အထူးသဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ ရွှေသောင်ယံစတဲ့ ကမ်းခြေတွေနဲ့ ဂေါ်ရန်ဂျီကျွန်းတို့ကို အသွားများကြတယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
“သင်္ကြန်ရက်တွေ အကုန်လုံး ပြည့်တာ။ လုံးဝ မရတော့ဘူး။ သင်္ကြန်ရောက်ဖို့ တလလောက် လိုသေးတယ်။ အခုတောင် မရတော့တာ။ နီးရင် ပိုဆိုးမယ်။ အခုက သင်္ကြန်ကာလဆို အစောကြီး ဝယ်ထားကြတာ များတယ်။ အဲဒါကြောင့် ဟိုတယ်တွေက အစောကြီး ကုန်တယ်။ ရမယ်ဆိုရင် ကံကောင်းထောက်မစွာနဲ့ ကြိုကြားကြိုကြား တခန်း နှစ်ခန်းလောက်ပဲ ရမယ်။”
သင်္ကြန်ကာလရောက်တိုင်း ကမ်းခြေဒေသတွေကို လူအသွားများတာကြောင့် ဟိုတယ်အခန်းခတွေ စျေးနှုန်းမြင့်တက်လေ့ရှိပြီး အခုလည်း ဈေးနှုူန်းတွေ နှစ်ဆလောက် မြင့်တက်နေတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေထံက သိရပါတယ်။
“စျေးတွေကတော့ သင်္ကြန်ဆိုရင် ကမ်းခြေရာသီမို့လို့ တဆခွဲလောက် မြင့်တယ်။ ပုံမှန် အရင်တုန်းက ၁ သိန်းရောင်းရင် ဒီကာလမှာ ၂ သိန်း၊ ၂ သိန်းခွဲတွေ ရှိတယ်။ စျေးတွေက မြင့်တယ်။ ဒါပေမဲ့လည်း ဧည့်သည်တွေက လူပြည့်နေတာပါပဲ။ အနိမ့်ဆုံး ပုံမှန် ရိုးရိုးကာလဆို Garden View က ချောင်းသာ၊ ငွေဆောင်မှာ ၇ သောင်း၊ ၈ သောင်းဆို ရတယ်။ အခုဆို စျေးနှုန်းက ၁ သိန်းခွဲ၊ ၂ သိန်း ဖြစ်သွားတယ်။ ငပလီက တကယ့်ကောင်းတဲ့ ဟိုတယ်တွေဆို တညကို ၄၊ ၅၊ ၆ သိန်းတန် ဟိုတယ်တွေလည်း ရှိတယ်”လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြည်တွင်း ခရီးသွားတွေအနေနဲ့ ကမ်းခြေဒေသတွေကို သွားရောက်မှု ရှိသလို အပန်းဖြေစခန်း ရှိတဲ့ တောင်ပေါ်ဒေသတွေကိုလည်း သွားရောက်ကြပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်တွင်းမှာ ပဋိပက္ခဖြစ်ပွားမှုနည်းတဲ့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော၊ အင်းလေးဒေသတွေနဲ့ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်ဘက်တွေကို အသွားများကြတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
၂၀၂၂ ခရီးသွားရာသီနဲ့ ၂၀၂၃ နှစ်ဦးပိုင်းတို့မှာ ပြည်တွင်းခရီးသွား အရေအတွက် အနည်းငယ် တက်လာပေမယ့် ကိုဗစ်နဲ့ အာဏာသိမ်းမှု မတိုင်ခင်ကာလ ခရီးသွားလုပ်ငန်း အခြေအနေကိုတော့ မမီသေးဘူးလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “မနှစ်ကစပြီး တရိပ်ရိပ် တက်လာတဲ့ ခရီးသွားက အတော်လေးတက်လာတာ တွေ့ရတယ်။ သင်္ကြန်ကာလအတွင်း ခရီးသွားက သိန်းဂဏန်း သွားကြမယ်လို့ ယူဆတယ်။ ကိုဗစ် မတိုင်ခင်က ခရီးသွား ၁ သန်းလောက် သွားခဲ့ပေမယ့် ဒီဂဏန်းကို မမီတောင် ပြည်တွင်းမှာ ၄၊ ၅ သိန်းလောက် သွားဖို့ ပြင်ဆင်နေကြတယ်။ မနှစ်က အဲဒီကိန်းဂဏန်း မရောက်ခဲ့ဘူး။ အရင်ထက်စာရင် ကိုဗစ်တုန်းကလောက် ပြန်ရောက်ဖို့မလွယ်ဘူး။ အရင်တုန်းက ထက် ၅ ပုံ ပုံ ၁ ပုံလောက်ပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။
ကိုဗစ်ကာလ မတိုင်ခင် မြန်မာနိုင်ငံမှာ ပြည်တွင်းခရီးသွား အရေအတွက် တနှစ်ကို ၇ သန်းဝန်းကျင် ရှိခဲ့ပြီး၊ မကောက်ခံထားတဲ့ စာရင်းတွေအရ တနှစ်တာအတွင်း ပြည်တွင်းခရီးသွား အရေအတွက် ၁၀ သန်းလောက်ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။
ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်လာဖို့ဆိုရင် နယ်မြေဒေသ တည်ငြိမ်ဖို့ အဓိက ဖြစ်ပြီး၊ ၂၀၂၃ နှစ်ဦးပိုင်း ခရီးသွားရာသီကိုတော့ သင်္ကြန်ကာလမှာ တည်တည်ငြိမ်ငြိမ် ပြီးဆုံးသွားဖို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက မျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်လှုပ်ရှားမှုတွေကြောင့် ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ သေဆုံးသူ ၇၀၀ ကျော်ရှိလာတဲ့ အချိန်မျိုးမှာ သင်္ကြန်တွင်း ကမ်းခြေတွေမှာ လာရောက်ပျော်ရွှင်နေတဲ့သူတွေအနေနဲ့ လိပ်ပြာ လုံပါစေလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
၂၀၂ဝ ပြည့်နှစ် နှစ်ဆန်းပိုင်းစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေဟာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က စတင်ပြီး ပြန်လည်စည်ကား လာခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
"ရိုးရာသင်္ကြန်ဆိုတာက မရှိမဖြစ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ခုလို ကာလမှာ လူတွေ တော်တော်များများ သေဆုံးသူတွေလည်း များနေတယ်။ ထောင်ထဲရောက်တဲ့လူတွေလည်း သောင်း ကျော်ရှိတယ် အဲ့လိုအခြေအနေမျိုးမှာ ကမ်းခြေလာပြီး ပျော်ပါနေကြတာ လိပ်ပြာ လုံလား မလုံလားဆိုတာ သူတို့စိတ်ထဲက အသိဆုံးဖြစ်မှာပါ''လို့ မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
တော်လှန်ရေးကာလ လူ ၇၀၀ ကျော် ရဲနဲ့စစ်တပ်ပစ်သတ်ခံရတဲ့ အချိန်မျိုးမှာ ဘယ်လို စိတ်ထားမျိုးနဲ့ ကမ်းခြေမှာလာပျော်ရွှင်နေ ကြတယ်ဆိုတာမသိပေမယ့် ခုလိုလုပ်ရပ်မျိုးကိုတော့ လုံးဝရှုတ်ချတယ်လို့ သူက ဆိုပါတယ်။
ကိုဗစ်ကာလက စတင် ပိတ်ထားခဲ့ရတဲ့ ကမ်းခြေမှာ သင်္ကြန်ကာလမှာ မမျှော်လင့်ပဲ ပြန်စည်းကာလာတာဟာ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒေသခံပြည်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေလာတယ်လို့ ချောင်းသာဒေသခံတစ်ဦးကတော့ ပြောပါတယ်။
"ကိုဗစ်ကြောင့် ပိတ်ထားရတာ ၁ နှစ်ကျော်ပြီ ခုမမျှော်လင့်ပဲ ဧည့်သည်ပြန်ဝင်လာတော့ ဒေသခံတွေအတွက်တော့ စားဝတ်နေရေး အဆင်ပြေတာပေါ့၊ ဒါပေမဲ့ လိပ်ပြာမသန့်ဘူး ခုလိုအချိန်မျိုးမှာတော့ မဖြစ်သင့်ဘူး အဲ့တာကြောင့် အလုပ်တောင်မဆင်းဘူးလို့'' ဟိုတယ်ဝန်ထမ်း ၁ ဦးကပြောပါတယ်။
ချောင်းသာကမ်းခြေမှာ ကိုဗစ်ကာလကစတင်ကာ ဟိုတယ်တွေပိတ် ထားခဲ့ပေမယ့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သား ပိုင်ဆိုင်တဲ့ ဧကရာဇ်ဟိုတယ်ကတော့ ဖွင့်ထားခဲ့ပြီး ကျန်တဲ့ ဟိုတယ်တွေကတော့ ခုရက်ပိုင်းမှာ ပြန်ဖွင့်တာဖြစ်သလို မဖွင်တဲ့ ဟိုတယ် ၂ လုံးရှိတယ်လို့ ဆိုပါတယ်။
ကမ်းခြေတွေမှာ သင်္ကြန်ကာလ ဧည့်သည်တွေရောက်ပြီး စည်ကားနေတာဟာ သတိထားစရာဖြစ်နေပြီး အရင်ဆုံး သူတို့တွေက ဘယ်လိုလူတန်းစာတွေဖြစ်တယ်ဆိုတာကို လေ့လာရာမှာ ဖြစ်သလို ပုံမှန်အခြေအနေဖြစ်ပြီလို့ သတင်းလွှင့်ချင်လို့ စီစဉ်ပြီး လုပ်တာမျိုး လည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးသမားတစ်ဦးက လေ့လာသုံးသပ်ပါတယ်။
"သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ကတော့ ခုလို လူရာနဲ့ချီပြီး အသတ်ခံနေရအချိန်အခါမျိုးမှာ ပျော်ပွဲရွှင်ပွဲလုပ်ဖို့ တော်တော် စဉ်းစားပါလိမ့်မယ်၊ နောက်တစ်ခုစဉ်းစားရမှာက ခုအာဏာသိမ်းထား တဲ့အသိုင်းဝိုင်းနဲ့ပတ်သက်တဲ့ ဟိုတယ်တွေကမ်းခြေမှာရှိတဲ့ အဲ့ကို အကြိုနေ့မတိုင်ခင်ကတည်းက ကြိုရောက်နေတာမျိုးတွေလည်းရှိတယ် အဲ့တော့ စဉ်းစားရမှာ မြန်မာပြည်သူတွေ ပျော်နေပြီဆိုတဲ့ ပုံရိပ်ကို ပြချင်လို့ ခုလိုစီစဉ်တာလားဆိုတာ ထည့်စဉ်းစားရမယ်''လို့ ပြောပါတယ်။
ကမ်းခြေမှာလူစည်းနေတာဟာ စစ်တပ်အသိုင်းဝိုင်းနဲ့နီးစပ်တဲ့လူတွေဖြစ်နိုင်ပေမယ့် ပုံမှန်ပြည်သူတွေလာရောက် အပန်းဖြေနေတာ ဆိုရင်တော့ ခုလိုလူရာနဲ့ချီ အသတ်ခံနေရချိန် အပန်းလာဖြေနေတာ လိပ်ပြာသန့်ရဲ့လားလို့ မေးရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
သင်္ကြန်အကြိုနေ့ကစတင်ကာ ပြန်လည်စည်ကားလာတဲ့ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ဟိုတယ်ဟာ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။