close

ပစိဖိတ်ကျွန်းခေါင်းဆောင်

close

June 4, 2022

တရုတ်နှင့် ကုန်သွယ်ရေးမလုပ်ခင် ပစိဖိတ်ကျွန်းခေါင်းဆောင်များ ဆွေးနွေးမည်

ကြီးမားတဲ့ ကုန်သွယ်ရေးနဲ့ လုံခြုံရေး သဘောတူညီချက်အတွက် တရုတ်နိုင်ငံရဲ့အစီအစဉ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ မချမှတ်ရသေးခင် ဒေသတွင်းအစည်းအဝေးမှာ ဆွေးနွေးဖို့ ပစိဖိတ်ကျွန်းစုခေါင်းဆောင်တွေ သဘောတူထားခဲ့ကြတယ်လို့ ဆမိုအာကျွန်းနိုင်ငံ ခေါင်းဆောင်က ဇွန် ၂ ရက်မှာ ပြောပါတယ်။

ပစိဖိတ်ကျွန်းစုတွေအကြား တရုတ်ရဲ့အဆိုပြုချက်ကို ဦးစွာဆွေးနွေးနိုင်ခြင်း မရှိတဲ့အတွက် ဆာမိုအာအနေဖြင့် စိုးရိမ်မိကြောင်း ဝန်ကြီးချုပ် ဖီရာမီနာအိုမိမာတာဖာက  ပြောကြားခဲ့ပါတယ်။ 

“အဲဒီလို ခေါ်ယူဆွေးနွေးပြီးတော့ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်တခု ရရင်ရ ဒါမှမဟုတ် ရလဒ်က ကျမတို့ သဘောမတူတာမျိုး တခုခု ရလာဖို့ မျှော်လင့်တယ်”လို့ ဆမိုအာဝန်ကြီးချုပ်က သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒေသအနေနဲ့ ဆုံးဖြတ်ပေးရမှာ ဖြစ်ပြီးတော့၊ ကျမတို့ရဲ့ဒေသကလည်း ကျမတို့ရဲ့ဖွံ့ ဖြိုးတိုးတက်ရေး မိတ်ဖက်တွေကနေ ကျမတို့ဆီ ပေးပို့လာတဲ့ အဆိုပြုချက်မှန်သမျှကို ထည့်သွင်းစဉ်းစားပေးရမယ့် ဒေသတခုအနေနဲ့ တွေ့ဆုံဖို့ လိုအပ်တယ်” လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိရဲ့ ဒေသတွင်းခရီးစဉ် မတိုင်ခင်မှာ ပေကျင်းအာဏာပိုင်တွေဟာ တရုတ်နဲ့ ကျွန်းနိုင်ငံ ၁၀ နိုင်ငံကြား သဘောတူညီချက် မူကြမ်းကို ဖြန့်ဝေခဲ့တာဖြစ်ပြီး အဲဒီမူကြမ်းထဲမှာ ရဲတပ်ဖွဲ့ဆိုင်ရာ၊ လုံခြုံရေး၊ ငါးဖမ်းလုပ်ငန်း၊ ဒေတာအချက်အလက်နဲ့  လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်စတဲ့ အကြောင်းအရာတွေ လွှမ်းခြုံပါဝင်နေတာပါ။ 

ဒီစာတမ်းက လုံခြုံရေး အဆိုပြုချက်တွေအပြင် သူတို့ရဲ့ စီးပွားရေးတွေကို ပေကျင်းနဲ့ နီးနီးကပ်ကပ် ချိတ်ဆက်လိုက်ရင် အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်နိုင်မှာတွေနဲ့ ပတ်သက်ပြီး ပစိဖိတ်နိုင်ငံတချို့က စိုးရိမ်နေပါတယ်။ 

ဖီဂျီနိုင်ငံမှာ မေ ၃၀ ရက်က ဝမ်ယိ လက်ခံကျင်းပပေးခဲ့တဲ့ ပစိဖိတ်နိုင်ငံခြားရေးဝန်ကြီး ၁၀ ဦးရဲ့ ဗွီဒီယိုအစည်းအဝေးမှာတော့ အဆိုပြုချက်ကို ရွှေ့ဆိုင်းဖို့ သဘောတူညီခဲ့ပါတယ်။

3 mins Ago
Up