close

ပစိဖိတ်ဒေသ

close

July 13, 2022

ပစိဖိတ်‌ဒေသတွင် အမေရိကန်သံရုံးအသစ် ၂ ခု ဖွင့်လှစ်

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီရဲ့မြို့တော် ဆူဗာမှာ ဇူလိုင် ၁၃ ရက်က ကျင်းပနေတဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေရဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးမှာ အမေရိကန်ဒုသမ္မတ ကမ်မလာဟားရစ်က ပစိဖိတ်ဒေသမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရှိမယ့်အကြောင်းနဲ့ ဒေသတွင်းမှာ သံရုံးအသစ် ၂ ခု ဖွင့်လှစ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။

အဓိက ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာ ရန်ပုံငွေအဖြစ်  အမေရိကန်ဒေါ်လာ သန်း  ပေးမယ့်အကြောင်းနဲ့ တွန်ဂါနဲ့ ကီရီဘာတီမှာ သံရုံးအသစ်နှစ်ခုကို ဖွင့်လှစ်ကြောင်း ရုပ်သံဗွီဒီယိုမိန့်ခွန်းပြောကြားရာမှာ ကြေညာလိုက်တာပါ။

အခုလို အမေရိကန်သံရုံးဖွင့်လှစ်တာဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု တိုးလာတဲ့အပေါ် ကြီးမားတဲ့ တွန်းအားပေးမှု စတင်လိုက်တာလို့ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ပစိဖိတ်ကျွန်းစုတွေအတွက် အမေရိကန်ရန်ပုံငွေဟာ ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက်အရ ဆယ်စုနှစ်တခုအတွက် တနှစ်ကို ဒေါ်လာ သန်း ၆၀ အထိ သုံးဆတိုးလာမှာဖြစ်ကြောင်း ဟားရစ်က ပြောပါတယ်။

ပစိဖိတ်ကျွန်းများဖိုရမ်အတွက် ပထမဆုံး အမေရိကန်သံတမန်ကိုလည်း ခန့်အပ်မှာဖြစ်ပါတယ်။ ဒေသတွင်းကို စေတနာ့ဝန်ထမ်း ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ပြန်လာမှာဖြစ်ကြောင်းနဲ့ USAID ကလည်း သူ့ရဲ့လုပ်ငန်းတွေကို ချဲ့ထွင်ပြီး ဖီဂျီရဲ့ ဆူဗာမြို့မှာ ဒေသဆိုင်ရာမစ်ရှင် ပြန်လည်ထူထောင်ရေးမှာ ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

မကြာသေးမီကာလတွေအတွင်း ပစိဖိတ်ကျွန်းစုနိုင်ငံတွေဟာ သံတမန်ရေးအရ အာရုံစိုက်မှုနဲ့ ပံ့ပိုးကူညီမှုတွေ မရရှိခဲ့တာကို အသိအမှတ်ပြုပါကြောင်းနဲ့ ဒါကို ပြောင်းလဲပစ်တော့မှာ ဖြစ်ကြောင်းလည်း ဟားရစ်က ပြောပါတယ်။

မဟာဗျူဟာအရ အရေးပါတဲ့ ပစိဖိတ်ဒေသတဝန်းမှ ခေါင်းဆောင်တွေကို စုစည်းထားတဲ့ အခုနှစ် ဖိုရမ်မှာ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုဟာ ပြင်းထန်တဲ့ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။

တချို့ ပစိဖိတ်ခေါင်းဆောင်တွေဟာ ဒေသတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေအတွက် တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ဟန်ချက်ညီအောင် ကြိုးပမ်းနေကြပါတယ်။

အမေရိကန်၊ တရုတ်၊ ဗြိတိန်နဲ့ ပြင်သစ် အပါအဝင် ဖိုရမ်ရဲ့ ဆွေးနွေးဘက်တွေကို အခုနှစ် ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခြင်း မပြုခဲ့တဲ့ကြားက ဖီဂျီရှိ ပစိဖိတ်ကျွန်းများဖိုရမ်မှာ ဗွီဒီယို မိန့်ခွန်းပြောပေးဖို့ ဒုသမ္မတ ဟားရစ်ကို  ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

8 mins Ago

February 10, 2020

ပစိဖိတ်ဒေသ ဖွံ့ ဖြိုးရေး သြစတြေးလျနှင့် အင်ဒိုနီးရှား လက်တွဲအလုပ်လုပ်ရမည်ဟု သမ္မတဝီဒိုဒိုပြော

ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ လက်တွဲ အလုပ်လုပ်ရမယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ ဒေသတွင်း ပိုကြီးတဲ့ သြဇာလွှမ်းမှု အရှိန်ရလာနေပါတယ်။ သြစတြေးလျ လွှတ်တော်အတွင်း အင်ဒိုနီးရှားသမ္မတ မိန့်ခွန်းပြောချိန်မှာ ဝီဒိုဒို ဒေသတွင်း သြစတြေးလျနဲ့ လက်တွဲဖို့ အဆိုပြုခဲ့တာပါ။ ဝီဒိုဒိုဟာ အစောပိုင်းက သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မောရစ်ဆင်နဲ့ မြို့တော် ကင်ဘာရာမှာ တွေ့ဆုံပြီး ကုန်သွယ်ရေး စွမ်းအင်ရေးရာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအကြောင်း ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီနောက် အားလုံးပါဝင်တဲ့ ဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုအတွက် လုပ်ဆောင်ချက် စီမံကိန်းကို နှစ်နိုင်ငံလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးရာမှာ သက်သေပြုခဲ့ပါတယ်။ “နိုင်ငံသေးသေးလေးတွေမှာ ကပ်ဘေးသက်သာရေး ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးဖို့ အမေရိကန် ဒေါ်လာ ၂၁၉ သန်းကျော် တန်ဖိုးရှိတဲ့ ရန်ပုံငွေကို ဖန်တီးမယ်။ ဖီဂျီနဲ့ ပါပူအာ နယူးဂီနီနိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရအောင် ကြိုးစားမယ်။ တခြား ပစိဖိတ်ကျွန်းနိုင်ငံ အတော်များများနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်မယ်” လို့ အင်ဒိုနီးရှား အစိုးရက မနှစ်က ပြောပါတယ်။ တရုတ်ရဲ့ သြဇာကိုတန်ပြန်ဖို့ အနောက်အင်အားကြီးနိုင်ငံတွေက အင်ဒိုနီးရှားနိုင်ငံကို သံခင်းတမန်ခင်းတွေ၊ စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီတွေပေးရင်း အာရုံစိုက်မှု တိုးနေပါတယ်။ လတ်တလောနှစ်တွေအတွင်း ပစိဖိတ်နိုင်ငံ အများအပြားဟာ ဘဏ္ဍာရေးအရ တရုတ်ကို အားကိုးမှု တိုးလာနေလို့ တရုတ်အစိုးရက ဒီဆက်ဆံရေးအပေါ် အလွဲသုံးစားလုပ်မှာကို အနောက်အရာရှိတွေက စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။
2 years Ago
Up