close

ပစ္စည်းလု

close

November 19, 2022

ရန်ကုန်မြို့လယ်တွင် ပစ္စည်းလု ဓားထိုးမှုဖြစ်ပြီး အမျိုးသား ၁ ဦး သေဆုံး

ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်၊  ၃၈ လမ်းမှာ နိုဝင်ဘာ ၁၈ ရက် ညပိုင်းက ဓားထိုးမှုပြီး အမျိုးသား တယောက် သေဆုံးခဲ့တယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၆ နာရီခွဲလောက်က ၃၈ အလယ်ဘလောက်မှာ ဒုစရိုက်သမား တဦးက ဓားနဲ့ထိုးပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်ကို လုခဲ့တာကြောင့် အမျိုးသား တယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ၃၈ လမ်းမှာ နေထိုင်သူ တဦးက ပြောပါတယ်။

"ဓားနဲ့ထိုးပြီး ဖုန်းနဲ့ပိုက်ဆံလုတာ။ သေသွားတယ်။ လူတွေ ဝိုင်းလာလို့ ဖုန်းနဲ့ပိုက်ဆံ ပါမသွားပေမဲ့ လူကတော့ သေသွားတယ်။"

ဓားနဲ့ထိုးခံရသူ အမျိုးသားကို မီးသတ်တပ်ဖွဲ့နဲ့ပရဟိတအဖွဲ့တွေက လူနာတင်ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေး နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ဆေးရုံကို ပို့သေးတယ်။ ဆေးရုံရောက်မှ သေတာ။ တရားခံကို ဖမ်းမိတယ်လို့ ကြားတယ်။ ဟုတ်၊ မဟုတ်တော့ မသိဘူး။"

ပစ္စည်းလု လူသတ်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့  မြို့ခံတွေဆီက သိရပေမဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ခိုးဆိုး၊ ခါးပိုက်နှိုက်၊  လုယက်မှုနဲ့  ဓားပြမှုတွေ များလာပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိလာတာကြောင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့ အမျိုးသမီး တချို့ ဓား ကိုင်နေကြရပါတယ်။ 

1 min Ago
Up