စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးစဉ် ပြည်သူတွေထံမှ အဓမ္မလုယက်သိမ်းဆည်းလာတဲ့ ပစ္စည်းတွေကို သူခိုးဈေးနဲ့ ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ကိုထောက်ခံတဲ့ ဒေသခံတွေနဲ့ နောက်တန်းမှာကျန်ခဲ့တဲ့ စစ်သားတွေက စစ်ကြောင်းတွေပြန်အဝင်ကို အလုံမင်းဒေါင့်ဆိပ်ကမ်းမှာ ဆိပ်ကမ်းမှာစောင့်ပြီး အလုအယက် ဝယ်ယူနေကြတယ်လို့ ယင်းမာပင်ဒေသခံ၊ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို အကြမ်းဖက်ဝင်ရောက်ပြီး လုယူလာတဲ့ ပစ္စည်းတွေကို ပြန်ဝယ်ရင် ဝယ်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ မေ ၃၁ ရက်အတွင်း မြန်မာနိုင်ငံတဝန်း နေရာပေါင်း ၄၃၅ နေရာလောက်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၈,၈၀၀ ကျော် ရှိခဲ့တယ်လို့ Data For Myanmar အဖွဲ့က ဇွန် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီလအထိစာရင်းမှာ နေအိမ် ၁၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်တဲ့အတွက် မေလတလတည်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း နေအိမ်ပေါင်း ၇,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ သတင်းပြန်ကြားရေးကတော့ နိုင်ငံတဝန်းက တိုက်ပွဲသတင်းတွေကို ပုံမှန်ထုတ်ပြန်လေ့မရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေကို PDF တွေကသာ ပြုလုပ်တာလို့ ပြန်လည်စွပ်စွဲလေ့ရှိပါတယ်။