close

ပစ်ခတ်ခံရမှု

close

January 26, 2023

ကော့သောင်းတွင် အုပ်ချုပ်ရေးမှူးလင်မယားပစ်ခတ်ခံရ၊ ကံပေါက်ဒေသခံ ၈ ဦးကို စစ်တပ်ဖမ်းဆီး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူးလင်မယား နှစ်ယောက်  သေနတ်နဲ့ ပစ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက် ည ၉ နာရီခွဲလောက်က ဘုရားဖူးပြီး နေအိမ်ပြန်လာကြတဲ့ အုပ်ချုပ်ရေးမှူးလင်မယားကို သူတို့ရဲ့နေအိမ်အနီးမှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံ ပြည်သူတဦးက ဆိုပါတယ်။

“အုပ်ချုပ်ရေးမှူးက ရပ်ကွက်မှာ နာမည်ဆိုးထွက်တယ်လို့ ကြားတယ်။ သေနတ်ကိုလည်း ပေါ်တင်ကိုင်ဆောင်တယ် ကြားတယ်။ သတင်းပေးတာတွေ လုပ်တယ်ကြားတယ်။ အရင်တခါကလည်း ပစ်ခံရသေးတယ်တဲ့။ ခုတ‌ခေါက်ပစ်တာမှာ အမျိုးသမီးကိုလည်း ထိပြီးတော့ ဒဏ်ရာက စိုးရိမ်ရတယ်တဲ့။ စစ်တပ်ဆေးရုံပို့ထားတယ်။ လင်မယား နှစ်ယောက်စလုံး မသေဘူး။”

အဆိုပါအုပ်ချုပ်ရေးမှူးဟာ အရင်ကလည်း  အပစ်ခံရဖူးပြီး အခုတခေါက်မှာတော့ လက်ကိုသာ ထိမှန်ခဲ့ကာ သူ့ရဲ့အမျိုးသမီးကတော့ စိုးရိမ်ဒဏ်ရာ ရရှိခဲ့ပြီး စစ်တပ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

အခုလို အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ခံရပြီးနောက် နေအိမ်အနီးတဝိုက်ကို စစ်ကောင်စီတပ်က လာရောက်စစ်ဆေးခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ ဇန်နဝါရီ ၂၅ ရက်နေ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ ဦးလှဌေးတို့ သေနတ်နဲ့ပစ်ခံရပြီးနောက် ညပိုင်းမှာ ကံပေါက်ဒေသခံ ၈ ဦး နေအိမ်တွေမှာပဲ အဖမ်းခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဖမ်းခံခဲ့ရသူတွေကတော့ မဂ္ဂင်ရပ်ကွက်နေ ကိုအော့တော့ (ခ) ကိုမင်းမင်းနဲ့ သားမက်ဖြစ်သူ ကိုအာကာမာန်၊ လှည်းကုန်း ၁ ရပ်ကွက်နေ ဦးထွန်းရှိန်နဲ့ ဇနီးဖြစ်သူ ဒေါ်ပု၊ သမီးဖြစ်သူ ဒေါ်ခင်ဆွေလတ်၊ ချွေးမဖြစ်သူ မချိုချိုအောင်နဲ့ ဘုရားမဲရွာက ကိုဆန်းဦး၊ မိကျောင်းအိုင်ရပ်ကွက်က မနီနီ၊ ဒေါ်မာရီတို့ ၈ ဦး ဖြစ်ပါတယ်။

ဒေသခံတဦးက “အခုအဖမ်းခံရတဲ့လူတွေက သက်ကြီးပိုင်းတွေပါ ပါနေတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာကို ပြောလို့မရဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၈ ယောက်ကို မောရဝတီရေတပ်မှာ ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ အဖမ်းခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှုကြောင့် ကံပေါက်ကျေးရွာအုပ်စုက ရပ်ကွက်တွေမှာ ဆိုင်ကယ်စီးနင်းခွင့် ရက်အကန့်သတ်မရှိ ပိတ်ထားတယ်လို့ မောရဝတီရေတပ်က စစ်သားတွေက ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းမှာ လာပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ မနက်ပိုင်းက ကံပေါက်ကျောက်တိုင်လမ်းဆုံမှာ စစ်ကောင်စီတပ်သားတွေ ကား ၂ စီးနဲ့ ရောက်နေပြီး ဆိုင်ကယ်စီးလာသူတွေကို တားစစ်နေပါတယ်။

ကံပေါက်ဒေသခံတွေက သွားလာရေးအခက်အခဲကို စက်ဘီးနဲ့ ဘေးတွဲဆိုင်ကယ်တွေကို အသုံးပြု ဖြေရှင်းနေကြရပါတယ်။

ကံပေါက်ဒေသက ဆေးဝါးပစ္စည်းနဲ့ ကုန်စုံရောင်းသူတဦးက “ဆိုင်ကယ်ပေးမစီးတဲ့ကိစ္စက အကြာကြီးဖြစ်နေရင် မလွယ်ဘူး” လို့ ပြောပါတယ်။

ကံပေါက်ဒေသဟာ ရွာအနီးနား ပတ်ဝန်းကျင်ကျေးရွာတွေက ထွက်ကုန်တွေကို ရောင်းဝယ်ဖောက်ကားရာ အချက်အချာကျတဲ့ ဈေးတည်ရှိတဲ့ရွာဖြစ်ပြီး ဆိုင်ကယ်နဲ့ သွားလာရေး အဓိကအသုံးပြုတဲ့ဒေသဖြစ်တာကြောင့် ဒေသခံတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

9 mins Ago

September 26, 2022

ဒလမြို့နယ်တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသား ၁ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းမှာ  စက်တင်ဘာ ၂၅  ရက် မနေ့ညနေ ၆ နာရီလောက်က  သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အမျိုးသားတယောက် သေဆုံး၊ တယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒလ-တွံတေးလမ်းမကြီးနဲ့ ယောမင်းကြီးလမ်းထောင့်မှာ စကားပြောနေတဲ့ အမျိုးသားနှစ်ယောက်ကို စက်ဘီးစီးလာသူနှစ်ယောက်က ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက  ပြောပါတယ်။

"အဖွဲ့လိုက် မိုက်ကြေးခွဲနေတဲ့သူတွေ၊ ရဲသတင်းပေးလို့လည်း နာမည်ထွက်နေတယ်။ အာ့ကြောင့်ပစ်သွားတာ။ တဦးက ပွဲချင်းပြီးပဲ၊ တဦးကတော့ ဒဏ်ရာပြင်းထန်တယ်။" 

သေနတ်နဲ့ပစ်ခတ်မှုကြောင့်  ကိုဝဏ္ဏထွန်းသေဆုံးပြီး ကိုအောင်အောင်ကတော့ ကျည်ထိမှန်ဒဏ်ရာ သုံးချက်ရရှိခဲ့တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

"သေတဲ့သူကို ရင်ခွဲရုံ၊ ဒဏ်ရာရတဲ့သူကို ဆေးရုံပို့ထားတယ်၊ စစ်ဆေးတာတွေတော့ ရှိမှာပေါ့။ ကျနော်တောင် ပစ်ခတ်မှုအနားမှာရှိနေတဲ့ လူတယောက်က ပြောပြလို့ သိရတာ။"

ပစ်ခတ်မှုဖြစ်ရာနေရာကို စစ်ကောင်စီတပ်နဲ့ရဲတွေက  ခေတ္တစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒလမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ရဲသတင်းပေး လူမိုက်တွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေပစ်ခတ်ခံရလို့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု  ၃၆ ကြိမ်ဖြစ်ခဲ့ပြီး ၁၀ ဦးသေဆုံး၊ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

4 months Ago
Up