close

ပစ်ခတ်ခံရ

close

May 7, 2023

မင်္ဂလာဒုံမြို့နယ် NLD ဗဟိုအလုပ်အမှုဆောင်၏ ညီမသားအမိ ပစ်ခတ်ခံရ

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်ကျေးရွာမှာ မြို့နယ် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းနိုင်ရဲ့ ညီမနဲ့ သမီးဖြစ်သူတို့ ဒီနေ့မနက်က သေနတ်နဲ့အနီးကပ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် မနက် ၉ နာရီလောက်မှာ လူသုံးဦးက ကားနဲ့ရောက်လာပြီး ကုန်းတလဘောင်၊ နွယ်နီ စျေးလမ်းအနီးရှိ ဦးဝင်းနိုင်ရဲ့ ညီမစျေးဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက "ပထမအနုကြမ်းစီးတာလို့ထင်တာ၊ အခုသိရသလောက်က အကြောင်းမဲ့ကိုလာပြီး ပစ်သတ်တဲ့သဘောပဲ။ ကလေးမလေးက နေရာတင်ဆုံးတယ်။ သူ့အမေကတော့ အရေးပေါ်၊ အခြေအနေမကောင်းဘူး။ ဆုံးပြီလို့လည်းကြားတယ်" လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့သားအမိမှာ မိခင်ဖြစ်သူက အသက် ၄၀ အရွယ်ဖြစ်ပြီး သမီးဖြစ်သူကတော့ ၈ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။

အခုလို သေနတ်နဲ့ ပစ်သတ်သွားသူတွေဟာ ပျူစောထီးတွေဆိုပြီး ဒေသခံတွေက ပြောဆိုနေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုမရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက်မှာ စစ်ကောင်စီစစ်သားနဲ့ရဲတွေ ခဏတာ လာရောက်စစ်ဆေးပြီး ပြန်သွားခဲ့တယ်လို့လည်း အဲဒီရပ်ကွက်မှာနေထိုင်သူတဦးက ပြောပါတယ်။

မြို့နယ် NLD ဗဟိုအလုပ်အမူဆောင် ဦးဝင်းနိုင်ဟာ စစ်အာဏာသိမ်းမူပြီးကတည်း ရှောင်တိမ်းနေရသူတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကုန်းတလဘောင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ 

12 mins Ago

May 6, 2023

ခန္တီးမြို့တွင် ဖုန်းဆိုင်ပိုင်ရှင် လင်မယား သေနတ်ဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ ကျော်ထက်ရှိန် ဖုန်းဆိုင်ပိုင်ရှင်လင်မယား ၂ ယောက်ကို မေ ၅ ရက် ည‌နေမှာ အမည်မသိလူတစ်စုက ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ရာ ဇနီးဖြစ်သူ ကျည်ထိမှန်ဒဏ်ရာရပြီး အမျိုးသားက လွတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံအမျိုးသားတဦးက "အထက်တန်းကျောင်းရှေ့က ဖုန်းဆိုင် ပိုင်ရှင်ကို သေနတ်နဲ့ ပစ်သွားတာ၊ သူ့မိန်းမကို ထိသွားတာ၊ သူက လွတ်သွားတယ်တဲ့။ ဘယ်သူတွေက ပစ်တယ်ဆိုတာတော့ မသိဘူး" လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် လက်မောင်း ကျည်ထိမှန်ထားတဲ့ အမျိုးသမီးအား ခန္တီးတပ်ဆေးရုံးကို ပို့ဆောင်ရာခဲ့ပြီးနောက် ပြည်သူ့ဆေးရုံးကို ပြန်ပို့ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

တော်လှန်ရေးနဲ့ နီးစပ်သူ တဦးက "အခုက ဘယ်လိုဖြစ်နေလည်းဆို လုံခြုံရေးတွေ၊ ကင်းတွေ မြို့ဝင် မြို့ထွက်မှာ ဂိတ်တွေရှိပြီး ထင်သာမြင်သာရှိတဲ့အချိန်မှာ သေနတ်နဲ့ပစ်တာ၊ ဗုံးနဲ့ပစ်တာတွေ လုပ်နေတာ စဉ်းစားစရာပဲ" လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ခန္တီးမြို့အတွင်း ပိတ်ဆို့ကာ ဧည့်စာရင်းလိုက်လံ စစ်ဆေးနေပြီး ညမထွက်ရ အမိန့်နဲ့ မသင်္ကာရင် ပစ်ဖို့ ပစ်မိန့်ပါ ပေးထားတယ်လို့  မြို့ခံတွေက ပြောပါတယ်။

1 day Ago
Up