close

ပစ်ခတ်စမ်းသပ်မှု

close

November 16, 2021

ရုရှား၏ ဂြိုဟ်တုဖျက်လက်နက် ပစ်ခတ်စမ်းသပ်မှုကို အမေရိကန် ပြစ်တင်ဝေဖန်

ရုရှားနိုင်ငံက သူ့ရဲ့ ပစ်မှတ်တွေထဲက တခုကို ဂြိုဟ်တုဖျက်လက်နက်နဲ့ ပစ်ခတ် စမ်းသပ်မှုဟာ အန္တရာယ်များပြီး တာဝန်မဲ့တဲ့ လုပ်ရပ်လို့ အမေရိကန် အစိုးရက နိုဝင်ဘာ ၁၅ ရက်မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ပစ်ခတ်စမ်းသပ်ချက်က ထွက်လာတဲ့ အမှိုက်သရိုက်တွေဟာ နိုင်ငံတကာ အာကာသ စခန်းမှာ ရှိနေတဲ့ အာကာသယာဉ်မှူးတွေနဲ့ အာကာသထဲမှာ ရှိနေတဲ့ တခြားလှုပ်ရှားမှုတွေအပေါ် အန္တရာယ် ဖြစ်စေနိုင်တယ်လို့လဲ ပြောပါတယ်။

ဂြိုဟ်တုတွေကို တစစီ ဖြစ်စေတဲ့ လက်နက်ကြောင့် အပိုင်းအစ တိမ်တိုက်တွေဟာ တခြား ပစ္စည်းတွေကို ထိခိုက်ခဲ့ရင် အာကာသထဲမှာ ဘေးအန္တရာယ် ဖြစ်စေနိုင်တယ်။ ကမ္ဘာ့ပတ်လမ်း တလျှောက်ကနေတဆင့် ဒုံးကျည်တွေရဲ့ ကွင်းဆက်တုံ့ပြန်မှုကို ဖယ်ရှားနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က “ရုရှားရဲ့ အန္တရာယ်ရှိပြီး တာဝန်မဲ့တဲ့ အပြုအမူက အာကာသရဲ့ ရေရှည်တည်တံ့မှုကို ထိခိုက်စေတယ်။ အာကာသဆိုင်ရာလက်နက် ထုတ်လုပ်တာကို ဆန့်ကျင်တဲ့ ရုရှားရဲ့ (ပြောဆိုချက်)တွေဟာ မရိုးသားဘဲ ကြောင်သူတော်ဆန်ကြောင်း ထင်ရှားတယ်” လို့  သတင်းထောက်တွေကို ပြောပါတယ်။

ရုရှရဲ့ ဒုံးကျည်ကြောင့် ခြေရာကောက်လို့ရတဲ့ ပတ်လမ်းဆိုင်ရာ အမှိုက်အပိုင်းအစ အခုရေ ၁၅၀၀ ကျော် ထွက်လာခဲ့တယ်လို့လည်း နဒ်ပရိုက်စ်က ပြောပါတယ်။

ချက်ချင်း အစိုးရိမ်ရဆုံးကိစ္စက အာကာသ အမှိုက်သရိုက်တွေ ဖြစ်ပေမယ့် အာကာသဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းတွေ လိုအပ်နေပြီဆိုတာကို ဒီစမ်းသပ်ချက်က ပြခဲ့တယ်လို့ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ဂျွန်ကာဘီက ပြောပါတယ်။

ရုရှား စစ်တပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်မပေးသေးပါဘူး။

အမေရိကန်ဟာ ၁၉၅၉ ခုနှစ်က ဂြိုဟ်တုဖျက် စမ်းသပ်ချက်ကို ပထမဆုံး ဆောင်ရွက်ခဲ့ဖူးပေမဲ့ အဲဒီအချိန်က ဂြိုဟ်တုတွေ ရှားပါးပါတယ်။

ပြီးခဲ့တဲ့ဧပြီလက ရုရှားဟာ ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်ခဲ့ပြီး အာကာသဟာ စစ်ရေးအတွက် အရေးပါတဲ့ နေရာတခု ဖြစ်လာလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။

1 min Ago
Up