close

ပစ်ခတ်တိုက်ခိုက်

close

March 28, 2023

ကဝမြို့နယ်၌ ဘီယာဆိုင်နေသည့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံး

ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ ညကင်းလှည့်ပြီး ဘီယာဆိုင်မှာနားနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး နယ်ထိန်း ၁ ဦး‌ သေဆုံးကာ  စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။

ကဝမြို့နယ်၊ အုန်းနှဲကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းမြင့် ပိုင်ဆိုင်တဲ့ အာကာမိုးစားသောက်ဆိုင်ရှေ့မှာ ညကင်းလှည့်ပြီး နားနေတဲ့ အုန်းနှဲရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ကဝမြို့နယ် ပ.က.ဖ က မတ် ၂၆ ရက် ည ၁၀ နာရီ ၄၅ မိနစ်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံပစ်ခတ်ခဲ့လို့ ထိတွေ့တိုက်ပွဲ ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လက်ဦးမှုရယူ အသာစီးတိုက်ခိုက်နိုင်လို့ ရဲတပ်ဖွဲ့ဝင်တွေ ကြာရှည်မခုခံနိုင်ဘဲ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တယ်လို့ ပဲခူး PDF တွေက ပြောပါတယ်။

အဆိုပါ လှည့်ကင်းတိုက်ခိုက်မှုမှာ အုန်းနှဲရဲစခန်းက နယ်ထိန်း နိုင်ဦး (ခ) ပြောင်ကြီး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေကို အုန်းနှဲတိုက်နယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ကုသနေတယ်လို့ သိရပါတယ်။

ကဝမြို့နယ်၊ သက္ကလမြို့၊ ရွှေပြည်အေးရပ်ကွက်၊ သက္ကလရဲစခန်းရှေ့မှာလည်း ကဝမြို့နယ်ပကဖက အဆိုပါညမှာပဲ ထပ်မံပြီး စစ်ကူလမ်းကြောင်းကို မိုင်းခွဲ ဖြတ်‌တောက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ စခန်းတွင်းကနေ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။

စစ်‌ကောင်စီတပ်ဖွဲ့တွေ စခန်းအပြင်ဘက် မထွက်ရဲဘဲ စစ်ကူမလာနိုင်‌လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုမပြုလုပ်ဘဲ ‌ကင်းပုန်းဝပ်စောင့်ကြည့် ပြန်လည်ဆုတ်ခွာခဲ့သလို မိုင်းခွဲတိုက်ခိုက်မှုမှာ ရန်သူထိခိုက်မှုမရှိဘဲ သက္ကလရဲစခန်းရှေ့ရှိ ဓာတ်တိုင် ကွဲသွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးနှစ်ခုစလုံးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘဲ‌ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု ပိုများလာတယ်လို့ ကဝ ပကဖက ထုတ်ပြန်ထားပါတယ်။

6 hours Ago

January 20, 2023

လှိုင်သာယာ ၅၃၂ တပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူရှိ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းကို ဇန်နဝါရီ ၁၉ ရက် မနေ့ည ၈ နာရီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၀၇ မမ လက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်းမှာ မနေ့ည ၈ နာရီက ကျယ်လောင်တဲ့ ပေါက်ကွဲသံ သုံးကြိမ်ကြားရတယ်လို့ ရှမ်းချောင်းကျေးရွာနေသူတဦးက ပြောပါတယ်။

“ရှမ်းချောင်းနဲ့ ၅၃၂ တပ်က နီးနီးလေးဆိုတော့ ဗုံးပေါက်တဲ့အသံလို သုံးကြိမ်လောက် ကြားရတယ်။ အစက ဗုံးပေါက်တယ်ထင်တာ၊ နောက်မှသိရတာ ၁၀၇ မမနဲ့ ပစ်တာလို့ သိရတာ၊ သေမသေတော့မသိဘူး၊ လူနာတင်ယာဥ်သွားတဲ့အသံတွေ ကြားရတယ်။”

အမှတ် ၅၃၂ ခြေမြန်တပ်ရင်း ၁၀၇ မမနဲ့ ပစ်ခတ်ခံရပြီးနောက် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ တပ်ထိပ်အနီးနေသူတဦးက ပြောပေမဲ့ အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။

“ဗုံးပေါက်ပြီးတော့ ၅၃၂ တပ်နားမှာ ကားတွေကိုပိတ်ပြီး စစ်တယ်။ တပ်ထဲက ကားတချို့ ထွက်သွားတာရှိတယ်။ ဒဏ်ရာရတဲ့သူတွေ ဆေးရုံသွားပို့တယ်လို့ သိရတယ်။”

မနေ့ကလည်း မရမ်းကုန်းမြို့နယ် လဝကဦးစီးမှူးရုံးနားမှာမပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတစ်လုံးတွေ့ခဲ့ပြီး စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်သိမ်းခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေ လည်းရှိပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းမှာ ဗုံးပေါက်ကွဲမှု ၉၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦးသေဆုံးခဲ့ကာ  ၃၆၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ 

2 months Ago
Up