close

ပစ်ခတ်နှိမ်နင်း

close

August 8, 2021

စစ်တပ် ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးပြည်သူ ၉၆၀ နှင့် ဖမ်းဆီးခံရသူ ၇,၀၇၀ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၆ လကျော်အကြာ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၉၆၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၇၀၇၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၅၁၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဩဂုတ် ၆ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့က ကယန်းသာယာစစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်တပ်က ကယန်းသာယာကျေးရွာရွာသား ၃ ယောက်ကို PDF နဲ့ ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးသွားခဲ့ကြပါတယ်။ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးခဲ့ပြီးနောက် ဖမ်းဆီးသွားခဲ့ကြတာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာတော့ သပိတ်ဦးဆောင်သူလို့ စွပ်စွဲခံရပြီး ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ အကဆရာ ကိုဝေယံထွန်း(ခ)မျိုးမျိုးကို အကြမ်းဖက်စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ဇူလိုင် ၃၁ ရက်နေ့က အမှုဖွင့်ခဲ့တယ်လို့ သိရှိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေးအကြောင်းကြားဖို့ အသိပေးထားပါတယ်။

12 mins Ago

June 17, 2020

နယူးမက္ကဆီကိုပြည်နယ်တွင် ဆန္ဒပြသူများကို ရဲက ပစ်ခတ်နှိမ်နင်း 

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်မှာ ဇွန် ၁၅ ရက်နေ့က ၁၆ ရာစု  စပိန်နယ်မြေသစ် အောင်နိုင်သူတဦးရဲ့ ရုပ်တုကို ဖျက်ဆီးဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေကို့ ရဲက ပစ်ခတ်နှိမ်နင်းရာမှာ လူတစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရပါတယ်။ ဆန္ဒပြသူတွေဟာ အယ်လ်ဘူကွာကေမြို့လယ်က ပြတိုက်တခုအနားမှာ ဆန္ဒပြခဲ့ပြီး ရဲက ပစ်ခတ်နှိမ်နှင်းစဉ် ဒဏ်ရာရသူတဦး ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လူနာကို ဆေးရုံကို တင်ပို့လိုက်ပြီဖြစ်ပြီး အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ ရိုက်တာရဲ့ မေးမြန်းချက်အရ ပစ်ခတ်မှုအသေးစိတ်နဲ့ပတ်သက်တဲ့ တရားဝင် အချက်အလက်တွေ မရသေးဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ်က အီးမေးလ်နဲ့ ပြန်ဖြေထားပါတယ်။ ဒေသခံသတင်းစာတခုကတော့ ဆန္ဒပြသူတွေက ဟွမ်ဒီအိုနာတီ ရုပ်တုကို လှဲချဖျက်ဆီးဖို့ ကြိုးစားစဉ် ရဲနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။  ဇွန် ၁၅ ရက်က  ဆန္ဒပြသူတွေ ဖျက်ဆီးဖို့ ကြိုးစားတဲ့ရုပ်တုဟာ ဒီနေ့ခေတ် နယူးမက္ကဆီကို ပြည်နယ်နေရာကို ကျူးကျော်ပြီး ဒေသခံ ပွေဘလိုလူမျိုးစုကို လူမျိုးတုံး သတ်ဖြတ်ခဲ့တဲ့ စပိန် နယ်မြေသစ်ရှာဖွေသူ အိုနာတီရဲ့ရုပ်တု ဖြစ်ပါတယ်။ အငြင်းပွားဖွယ်ရာ အဲဒီရုပ်တုကို လာဂျော်နာဒါလို့လည်း ခေါ်တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
1 year Ago
Up