close

ပစ်ခတ်ဖမ်းဆီးခံရ

close

November 26, 2022

ပခုက္ကူမြို့၌ ဆိုင်ကယ်စီး အမျိုးသမီး နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်လိုက်ပြီး ၂ ရက်အကြာမှာ ဆိုင်ကယ် တစီး ၂ ယောက်စီးလာတဲ့ အမျိုးသမီး ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်က အခွန်လွတ်ဈေးနားက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖို့ ရပ်တန့်ခိုင်းပေမဲ့ မရပ်ဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့လိုပဲ နှစ်ယောက်စီးတဲ့ သူတွေ ရှိတယ်။ တခြားစစ်ဆေးရေးဂိတ်တွေဆို နှစ်ယောက်စီးတာ တွေကို ဖမ်းတယ်။ ဒဏ်ငွေ ဆောင်ခိုင်းတယ်။ အခွန်လွတ်စျေးနားမှာ စစ်ဆေးတာ မရပ်လို့  သူတို့ နှစ်ယောက်ကို  စစ်သားတွေက ပစ်လိုက်တယ်။ ဖမ်းခံလိုက်ရတယ်။ ထိခိုက်ဒဏ်ရာနဲ့ နောက်ဆက်တွဲကို မကြားသေးဘူး။”

ပခုက္ကူမြို့မှာ ဆိုင်ကယ်စီးနင်းတာကို  နိုဝင်ဘာ ၂၄ ရက်က စတင် ကန့်သတ်တား မြစ်လိုက်တာဖြစ်ပြီး  မြို့အတွင်း ဆိုင်ကယ် တစီးကို လူတယောက်သာ နာရီကနေ ညနေ ၆ နာရီအထိသာ မောင်းနှင်ခွင့်ရှိတဲ့အပြင် ည ၆ နာရီမှ နောက် တနေ့ မနက် ၈ နာရီအထိ လုံးဝ စီးနင်းခွင့်မရှိဘူးကြောင်း  စစ်ကောင်စီက ကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့အတွင်းက အဓိကလမ်းမတွေနဲ့ မြို့အဝင်အထွက်​နေရာတွေမှာ စစ်ဆေးရေး တင်းကျပ်နေပြီး လတ်တလော ဆိုင်ကယ် ၂ ယောက်စီးတာကြောင့် ဖမ်းဆီးခံရသူ ၁၀ ယောက် ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရသူ အမျိုသမီး ၂ ယောက် ရှိပါတယ်။

ဒေသခံတဦးက “ဘယ်သူမဆို တစီးကို တယောက်ပဲစီးရမယ်ဆိုတော့ အကုန်အခက်ခဲ ဖြစ်နေကြတယ်။ ကျန်းမာရေးမကောင်းသူ၊ ဆိုင်ကယ် မမောင်းတတ်သူ၊ သက်ကြီးရွယ်အိုတွေ၊ စျေးသမားတွေကျ သွားရေးလာရေးခက်ခဲသွားပြီ"လို့  ပြောပါတယ်။

မကွေးတိုင်းအတွင်း အကြမ်းဖက်တွေက ဆိုင်ကယ်စီးနင်းကာ လက်နက်ငယ်နဲ့ပစ်ခတ်တာ၊ လက်လုပ်မိုင်းနဲ့ ပစ်တာ၊ မိုင်းထောင်ဖောက်ခွဲတာ၊ လုယက်တာနဲ့ပြန်ပေးဆွဲတာတွေကို လုပ်နေတာကြောင့် ရက်ပေါင်း ၆၀ ကန့်သတ်တား မြစ်လိုက်တယ်လို့ နိုဝင်ဘာ ၂၄ ရက် ပခုက္ကူမြို့ ထွေ/အုပ်ဦးစီးဌာနက ကြေညာထားတယ်လို့ ဆိုပါတယ်။

9 hours Ago

January 4, 2022

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားဖြစ်သူတို့ ပစ်ခတ်ဖမ်းဆီးခံရ

မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တားအေးဇံရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ သုံးခွကျေးရွာက နေအိမ်မှာရှိနေတဲ့ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို ဇန်နဝါရီ ၃ ရက် ည ၈ နာရီလောက်မှာ  စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ လောက်နဲ့ လာရောက်  ပစ်ခတ်ဖမ်းဆီးသွားတာပါ။

ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက်ကြောင့် ဝန်ကြီးချုပ်ဇနီးဖြစ်သူ ဒေါ်ခင်အေးမူရဲ့ လက်တစ်ဖက် သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို လာရောက်ဖမ်းဆီးစဉ် နေအိမ်ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ တယ်လို့ ဆိုပါတယ်။

ဒေါ်ခင်အေးမူနဲ့ သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို စစ်ကောင်စီက ဘာကြောင့် ဘာရောက်ဖမ်းဆီးလဲဆိုတာနဲ့ ဖမ်းဆီးခံရပြီးနောက် ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ လက်ရှိအချိန်အထိ မသိရသေးပါဘူး။

ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံဟာ အခုအခါမှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေ အပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

11 months Ago
Up