close

ပစ်ခတ်ဖမ်းဆီး၊

close

November 16, 2021

မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးကို ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်​မြို့အရှေ့ပိုင်း၊ ပိတ်စွယ်နယ်မြေ (၁) ဟိုမှိုင်းရပ်ကွက်နေ အမျိုးသား  ၃ ယောက်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက  ပစ်ခတ်ဖမ်းဆီး သွားပါတယ်။

မိုးကုတ်မြို့မှာ မနေ့ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာကြောင့်  စိုးရိမ်ထိတ်လန့်ပြီး ပုန်းနေသူ ၃ ယောက်ကို  စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ခံတစ်ဦးက "နေ့ခင်းပိုင်းက ပစ်တာခတ်တာ၊ ဗုံးပေါက်တာက ခုဖမ်းခံရတဲ့သူတွေရဲ့ အိမ်အနောက်မှာဖြစ်တာ။ သူတို့က ကြောက်ပြီးရေမြောင်းထဲဆင်းပုန်းနေတာကို စစ်သားတွေက သေနတ်နဲ့ပစ်တာ။ တစ်ယောက်လက်မောင်းထိပြီး ဖမ်းခံလိုက်ရတယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရသူတွေကတော့ ကိုဂူဆာ၊ ကိုဂူဆီးနဲ့ သူတို့ရဲ့ ယောက်ဖတော်စပ်သူ တဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။ 

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၅ ရက် မွန်းတည့်  ၁၂ နာရီဝန်းကျင်က ပိတ်စွယ် ဟိုမှိုင်းဘုန်းကြီးကျောင်းအနီးမှာ သေနတ်အပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရပြီး အထက ၂ ကျောင်းအနီးမှာလည်း  ဗုံး ၃ လုံးပေါက်ကွဲခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်တွေက ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်တဲ့နေရာနားက နေအိမ်တွေမှာ စစ်ဆေးရှာဖွေနေကြပါတယ်။

7 mins Ago

March 11, 2021

ပုသိမ်ဆန္ဒပြသူများကို ရဲနှင့်စစ်တပ် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး၊ ၁၀ ဦးထက်မနည်း အဖမ်းခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်မှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြဖို့ လူစုနေချိန်မှာ ရဲနဲ့ စစ်တပ်က ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဖို့ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားတွေ လူစုနေချိန်မှာ ရဲတွေက အသံဗုံးတွေ ၃ ချက်နဲ့ သေနတ်ဖောက်ပြီး လူအုပ်ကြား ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့သူတဦးက DVB ကိုပြောပါတယ်။

"ဆန္ဒပြဖို့ လူစစုတဲ့အချိန် အသံဗုံးတွေပစ်ပြီး ဝင်စီးတာ လက်ဖေ့ရည်ဆိုင်ကို အားလုံးဆို ၁၀ ယောက်ကျော်လောက်တော့ရှိမယ်၊ သေချာမပြောတက်သေးဘူး။ အဲ့အထဲမှာ မိန်းကလေးတစ်ယောက်လည်း ပါသွားတာ တွေ့တယ်။”

အာဏာသိမ်းစစ်တပ်အလိုမရှိကြောင်း ဆန္ဒပြဖို့ပြင်ဆင်ချိန် ဝင်ရောက်ဖမ်းဆီးခဲ့သလို ရပ်ကွက်ရဲ့ ဝင်ပေါက် ထွက်ပေါက် လမ်းတွေမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက လမ်းတွေပိတ်ဆို့ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြဖို့ လူစုချိန်မှာ ရဲနဲ့ စစ်တပ်ဝင်ရောက်စီးနင်းတာခံခဲ့ရပေမယ့် မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး သပိတ်စစ်ကြောင်းဟာ ပြောက်ကျားစနစ်နဲ့ ဆက်လက်ဆန္ဒပြနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၃ ရက်မြောက်နေ့ရှိပြီလည်းဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၃ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၅ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up