close

ပစ်ခတ်မှုနှင့် ​ပေါက်ကွဲမှု

close

August 6, 2022

မူဆယ်မြို့တွင် ပစ်ခတ်မှုနှင့် ​ပေါက်ကွဲမှုများကြောင့် စစ်ဆေးရေး တင်းကျပ်

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ပေါ်မှာ ဒီလဆန်းပိုင်းမှာ ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ် တာကြောင့် စစ်ကောင်စီက စစ်ဆေးရေးတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "မူဆယ်ရဲ့ ထုံးစံအတိုင်းပေါ့ ပစ်တာခတ်တာလေးတွေ၊ ဗုံးပေါက်တာလေးတွေ ဆက်တိုက်ဖြစ်ရင် စစ်ဆေးတာတွေ လုပ်တတ်တယ်။ သိပ်မကြာပါဘူး စစ်ဆေးရေးလုပ်လည်း ခဏပါ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မူဆယ်မြို့မစျေးရှေ့မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုဖြစ်ခဲ့ကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့ပြီးနောက် အခုလို စစ်ဆေးရေး တင်းကျပ်နေတာလို့ မြို့ခံတဦးက ပြောပါတယ်။

"စျေးရှေ့ ယာဥ်ထိန်းရဲကင်းနား ပေါက်ကွဲမှုဖြစ်လို့ ပြည်သူ့စစ်နဲ့ မော်တော်ပီကယ်တဦး ထိခိုက်ဒဏ်ရာရသေဆုံးတာရှိတယ်။ နောက်နေ့လည်း အဲဒီနားမှာပဲ ပြည်သူ့ စစ်နှစ်ဦး သေနတ်နဲ့ ထပ်ပစ်ခံရတယ်။ ဒါ့ကြောင့် စစ်ဆေးရေးတွေ လုပ်နေတာ။"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်တပ်)၊ TNLA (တအာင်းတပ်)၊ MNDAA (ကိုးကန့်တပ်) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စတင်လို့ မူဆယ်မြို့အတွင်းမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဟာ နှစ်စဥ်ဖြစ်ပွားလေ့ရှိတာပါ။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တဖွဲ့နဲ့တဖွဲ့ကြား ပစ်ခတ်မှု ဖြစ်ရင်လည်း မူဆယ်မြို့ကို စစ်ဆေးရေးတင်းကျပ်လေ့ရှိတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။

3 hours Ago
Up