စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ထန်းတောကြီးအုပ်စု၊ ရွှေပေကုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း အမှတ် ၂၈ စခန်းကနေ ဧပြီ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီလောက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး အဘွားအို ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့ စခန်းထဲကနေ ပစ်လိုက်လို့ ကျနော်တို့ရွာထဲက အိမ်ပေါ်ကျပြီး ကလေးငယ်သေရတာဗျ။ ကလေးအသက်က ၁၁ နှစ်ကျော်ကျော်ပါ၊ အတန်းက ၅ တန်းပဲရှိသေးတယ်။ အဘွားကတော့ အသက် ၈၀ ကျော်ပါ။ အမည်တွေတော့ လုံခြုံရေးအရမပြောတော့ဘူးဗျ။ အိပ်နေတဲ့အချိန် အိမ်ပေါ်ကျပေါက်ကွဲတာဆိုတော့ ကလေးခန္ဓာကိုယ်တခုလုံးရစရာမရှိအောင် ဒဏ်ရာရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်။ အဘွားကလည်း ဒဏ်ရာပြင်းထန်ရထားတယ်။ ဆေးကုသမှုတော့ ပေးထားတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
ရဲတပ်ရင်း ၂၈ ဟာ မုံရွာ-ပုသိမ်သွားကားလမ်မပေါ် အောင်မိုးရွာနဲ့ ထန်းတောကြီးရွာကြား၊ ရွှေပေကုန်းရွာအရှေ့ဘက်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါရဲတပ်ရင်း ၂၈ ဟာ အနီးအနားက ကျေးရွာတွေစီ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်သလို မုံရွာ-ပုသိမ်ကားလမ်းမပေါ်ကနေ ဖြတ်သန်းသွားတဲ့ ပြည်သူတွေကို စစ်ဆေးတား စီးကာ ငွေကြေးတောင်ယူတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၁ ရက် ညနေကလည်း မုံရွာမြို့ကနေ အလုပ်လုပ်ပြန်လာတဲ့ အရပ်သား လူငယ်တယောက်အား သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပေါင်ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ ရွှေပေကုန်းကျေးရွာဟာ အိမ်ခြေ ၆၀ လောက်ရှိပြီး ရဲတပ်ရင်း ၂၈ နဲ့ တမိုင်လောက်သာ ဝေးကွာတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းမြို့ တပ်မ ၃၃ စစ်ကောင်စီတပ်က ဧပြီ ၁၀ ရက် မနက် ၈ နာရီလောက် ကျောက်ပနံရွာအနီးကို ရမ်းသန်းပစ်ခတ်တာကြောင့် ရွာသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံကြီးကုန်းရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကား ၃ စီးနဲ့ စစ်ကိုင်းတပ်မ ၃၃ ကို ပြန်ရင်း အခုလိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ကံကြီးကုန်းရွာက PDF ကလေးတဦးကို စစ်ကိုင်းမြို့မှာ ဖမ်းမိတယ်။ အဲလိုဖမ်းမိပြီး စစ်ကြောရေးမှာ ထွက်ဆိုချက်အရ ကံကြီးကုန်းရွာက ကိုဇော်မင်း အသက် ၄၀ ကျော်နဲ့ ဦးတိုက်ကြီး အသက် ၅၀ ကျော်တဲ့ အဲဒီလူနှစ်ယောက်ကို ဝင်ဖမ်းတယ်။ သူတို့ စစ်ကြောရေးကရတဲ့ အချက်အလက်တွေအရ ကံကြီးကုန်းရွာက အိမ် ၂၀ ကျော်လောက်ကိုလည်း ရှာဖွေတာတွေ လုပ်တယ်။ မနက် ၈ နာရီလောက်မှာ ကံကြီးကုန်းကနေ အဲလို ဖမ်းဆီးပြီး ဦးတိုက်ကြီးကို ပြန်လွှတ်ပေးထားခဲ့တယ်။ ပြန်ထွက်လာပြီး ကျနော်တို့ ကျောက်ပနံရွာအနီးမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကိုသာချို အသက် ၅၀ ကျော် နောက်ကြော ခါးအထက်မှာ ကျည်ထိမှန်တယ်။ ကျည်ဆန်က အသည်းနဲ့ ကျောက်ကပ်ကြားမှာ ဝင်နေတာကြောင့် အသက်အန္တရယ်အတွက် စိုးရိမ်ရတဲ့ အနေအထားရှိနေတယ်။ ဆေးကုသမှုကတော့ ပေးနေတယ်” လို့ ကျောက်ပနံဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ကိုင်းမြို့နယ်ဘက်မှာ စစ်ရေးလှုပ်ရှားနေပြီး စစ်ကိုင်းနဲ့ထိစပ်နေတဲ့ မတ္တရာမြို့နယ် အနောက်ဘက်အခြမ်းတောပုရွာဘက်ကနေ ပိုဝ မြောက်ရွာဘက်ကို လက်နက်ကြီးနဲ့ ၃ ချက်ပစ်ခတ်တာကြောင့် ကျေးရွာရဲ့အပြင်မှာ ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။