တနင်္သာရီတိုင်း၊ မောတောင်မြို့ အမှတ် (၈) ကျေးရွာမှာ ဧပြီ ၃၀ ရက်က ကွမ်းသီးခြံအလုပ်သမား သားအမိနှစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါ သားအမိနှစ်ယောက်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့ကနေ လာရောက် ပစ်ခတ်ခဲ့လို့ နေရာမှာပဲ သေဆုံးခဲ့တယ်လို့သိရပြီး အိမ်တွင်းရေးကိစ္စကြောင့် အခုလို ပစ်သတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက "ဘယ်အဖွဲ့ကနေ လာပစ်သွားလဲဆိုတာမသိသေးဘူး။ သားအမိ နှစ်ယောက်စလုံးတော့ ပွဲချင်းပြီး သေသွားတယ်"လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း သူတို့လုပ်ဆောင်ခဲ့တာ မဟုတ်ဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီလကလည်း ချောင်းလမုကျေးရွာက ဒေသခံ တယောက်ကို အမည်မသိလူ တယောက်က အိမ်ရှေ့မှာ လာရောက် ပစ်ခတ်သွားခဲ့ပါတယ်။
တနင်္သာရီမြို့နယ်မှာ အခုနှစ် ဇန်နဝါရီလကနေစပြီး အရပ်သားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေ တဖြည်းဖြည်းအကြိမ်ရေ ပိုစိပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ဧပြီလ ၂၇ ရက် မနက်ပိုင်းက မှုခင်းသတင်းထောက်တယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မရင်းကူးကျေးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဟာ မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ ၂ ချက်အပစ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“သူက အမှုပွဲစားလည်းလုပ်တယ်၊ မှုခင်းသတင်းထောက်လို့လည်းပြောတယ်၊ တွေ့တာတော့ စစ်တပ်နဲ့ရော ရဲနဲ့ရော အမြဲတွေ့ရတယ်၊ သူ့ကြောင့် အဖမ်းခံရတာလည်းရှိတော့ အဲ့တာကြောင့် အရှင်းခံရတာဖြစ်နိုင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မှုခင်းသတင်းထောက် ဦးတင်သန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က သူနေထိုင်ရာ နေအိမ်မှာ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ရင်ဘတ်ကိုထိကာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံအများစုကတော့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိုသူဟာ အမှုပွဲစား လုပ်သလို စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး မကျေနပ်တဲ့သူတွေကို ခေါ်ဖမ်းခိုင်းတာမျိုးတွေရှိ တာကြောင့် ကျေးရွာနေပြည်သူတွေက သူ့ကိုကြောက်လန့်နေရတာမျိုး ရှိတယ်လို့ ဆိုပါတယ်။
မှုခင်းသတင်းထောက် ဦးတင်သန်းကို ပစ်ခတ်ရှင်းလင်းတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးသလို ပုသိမ်ခရိုင်အတွင်းက တော်လှန် ရေးအင်အားစုတွေဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။