close

ပစ်သတ် မီးရှို့

close

September 19, 2022

မြစ်ကြီးနားမြို့နယ်၌ လီဆူအမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး မီးရှို့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ စစ်တပ်အရာရှိ နှစ်ယောက် ပျောက်ဆုံးသွားပြီးနောက်  မြစ်ဆုံလမ်းမပေါ်မှာ  အာလမ်ရွာသား လီဆူတိုင်းရင်းသား တယောက်ကို   စက်တင်ဘာ ၁၈ ရက် ည ၁၀ နာရီ၀န်းကျင်လောက်က စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ပြီး မီးရှို့သွားတယ်လို့ ရွာခံ နဲ့ နီးစပ်သူက ပြောပါတယ်။

“မနေ့ည ပစ်သတ်မီးရှို့ခံရသူက မြစ်ဆိပ်ဘက်ကို သွားတာ။ စစ်ကောင်စီတပ်က ဘာကြောင့် ပစ်သတ်လည်းတော့ မသိဘူး။ တရွာလုံး အိမ်ပြင်မထွက်ဖို့ မှာတယ်။ ပစ်သတ်ခံရသူကို ချက်ချင်း မီးရှို့လိုက်တယ်။ သူက ကလေးနှစ်ယောက် ဖခင်တစ်ဦးပါ။”

အာလမ်ရွာခံ ပစ်သတ်မီးရှို့ခံရမှု မဖြစ်ပွားမီ စက်တင်ဘာ ၁၈ ရက်က  စစ်ကောင်စီ ဗိုလ်ကြီး တယောက်နဲ့ ဗိုလ်တယောက်ဟာ မြစ်ဆုံကအပြန် အာလမ်ရွာနဲ့ ဒွမ်ဂန့်ရွာကြားမှာ ပျောက်ဆုံးခဲ့တယ်လို့ ရွာခံတဦးကလည်း ပြောပါတယ်။

“ခလရ-၃၇ တပ်ရင်းက‌နေ ဗိုလ်ကြီးအောင်မျိုးမင်းနဲ့ ဗိုလ်ထွန်း​နောင်လင်းတို့ နှစ်ဦး မြစ်ဆုံကနေ မြစ်ကြီးနားကို လာတဲ့လမ်း ဒွမ်ဂန့်​ကျေးရွာနားမှာ ပျောက်ဆုံးတယ်လို့ ပြောတယ်။ သူတို့ ပျောက်တာကို လိုက်လံရှာနေချိန် ပစ်သတ်ခံရသူက ခံလိုက်ရတာပါ။ သေနတ်တွေနဲ့လည်း ရွာကို ပစ်တယ်။ ရွာက ဘယ်သူမှ မထွက်ရဘူးလို့ အမိန့်ထုတ်နေတယ်။”

စစ်ကောင်စီတပ်ဖွဲ့က ဂွမ်ဂန့်ရွာနားမှာပျောက်နေတဲ့ စစ်ဗိုလ် နှစ်ဦးကို ရှာ မရရင် ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တာကြောင့် ရွာမီးရှို့ခံရမှာကို ရွာခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိတွင် အာလမ်​ကျေးရွာ​အကျော် ဒွမ်ဂန့်​ကျေးရွာမှာ စစ်ကောင်စီတပ်က လိုက်လံရှာ​​ဖွေ​​နေပြီး ခရီးသွားတွေကိုပါ စစ်​ဆေးမေးမြန်းနေပါတယ်။

ပျောက်ဆုံးနေတဲ့ ဗိုလ်ကြီး​အောင်မျိုးမင်းနဲ့ ဗိုလ်ထွန်း​နောင်လင်းတို့ကို မြစ်ကြီးနားမြို့ ဒလန် ရှင်းလင်း​ရေးအဖွဲ့က ရှင်းလင်းခဲ့ပြီးလို့  လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

3 mins Ago
Up