နွေဦးတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်နေတဲ့ မင်းသား အကယ်ဒမီ မင်းမော်ကွန်း ဦးဆောင်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်းဟာ ပြီးဆုံးဖို့ ၁ ရက်သာကျန်တော့ကာ လတ်တလောမှာတော့ ငွေကျပ်သိန်း ၄,၇၀၀ ကျော် ရရှိနေပြီလို့ ထုတ်ပြန်ပါတယ်။
“ပထမအဆင့်အနေနဲ့ ရန်ပုံငွေရှာလို့ ပြီးပါတော့မယ်။ ဒုတိယကိစ္စ ဆက်သွားဖို့ တရက်ပဲ လိုပါကြောင်းဗျာ။ ‘ကန့်ဘလူအကြွေး’ ကမ်ပိန်း ၁ ရက်သာ ကျန်ပါတော့တယ်။ လက်ရှိ အချိန်ထိ ကျပ်သိန်းပေါင်း ၄,၇၃၄ ကျော် ရရှိထားပါတယ်။ ကန့်ဘလူအကြွေး ပြန်ယူချင်သူတွေအတွက် နောက်ဆုံးတရက်မှာ အစွမ်းကုန် အားဖြည့်ပေးကြပါအုံးခင်ဗျား။”
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ အင်အားပြင်းဗုံးကြဲချခဲ့သလို Mi35 စစ်ရဟတ်ယာဉ်နဲ့ ၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် ကျဆုံးခဲ့တဲ့ အပြစ်မဲ့ပြည်သူ အယောက် ၁၇၀ နီးပါးထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ပဇီကြီးကျေးရွာမှာ အိမ်ခြေ ၂၃၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ အပါအဝင် အနီးနားက သာယာရွာ၊ လေးတွင်စဉ်ရွာ၊ မယ်ဇေတောရွာ၊ မလယ်ရွာ၊ ချောင်းမကြီးနဲ့ ခင်ဦးမြို့နယ်ဘက်ခြမ်းက ကျေးရွာက ဒေသခံတွေပါ ရွာထဲမှာ မနေရဲကြဘဲ ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ပဇီကြီးကျေးရွာမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ ဆရာဝန်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကတော့ ၂ နှစ်ကျော်ကာလတွေအတွင်း ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ မသန်စွမ်းတွေပါမချန် အပြစ်မဲ့ပြည်သူတွေကို နိုင်ငံတဝန်း မြေပြင်ကရော လေကြောင်းကပါ အစုလိုက်အပြုံလိုက် ရာဇဝတ်မှုမြောက် ပစ်ခတ် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
NUG အစိုးရကတော့ ရာဇဝတ်ကောင် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ ပြောကြားထားပါတယ်။
လတ်တလောမှာတော့ အကယ်ဒမီ မင်းမော်ကွန်း စီစဉ်တဲ့ “ကန့်ဘလူအကြွေး” ကမ်ပိန်း ကာလကို ၁၄ ရက်ပဲ သတ်မှတ်ထားတာမို့ ပြည်သူတွေအနေနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
လေကြောင်းကနေ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ပဇီကြီးကျေးရွာအတွက် ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ အလှူငွေတွေကို ဧပြီ ၁၆ ရက်က အိမ်ထောင်စု ၁၂၆ စုကို တအိမ်ထောင် ကျပ် ၁ သိန်းနှုန်း ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်ကြီးတိုက်နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ ရွာသူရွာသားတွေ အများအပြားသေဆုံးပြီး ဒီနေ့အထိ အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။
ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ပြည်တွင်းပြည်ပက လာရောက်ဆက်သွယ် လှူဒါန်းထားကြတဲ့ အလှူငွေတွေကို အိမ်ထောင် ၁ စု ၁ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၁၂၆ စုအထိ လှူဒါန်းပေးအပ်ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ အိမ်ထောင်စုတွေကို ရရှိသမျှ အလှူငွေတွေနဲ့ ရသမျှ အလှူငွေတွေကို ၂၀ ရက်နေ့မှာ အပြီးချုပ်ပြီး လိုအပ်တာ လှူဒါန်းသွားပါမယ်ဗျ” လို့ ပြောပါတယ်။
ဆေးဝါးနဲ့ တခြားလှူဒါန်းမှုတွေ၊ အလှူငွေစာရင်းတွေ အပြီးသတ် စာရင်းချုပ်ပြီးတာနဲ့ လှူဒါန်းပေးသွားမှာမို့ ပဇီကြီးရွာအတွက် အလှူငွေလက်ခံတာကို ဧပြီ ၂၀ ရက်အထိသာ လက်ခံပေးသွားမှာဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က ထုတ်ပြန်အသိပေးထားပါတယ်။