စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီးကြီးရွာအနောက်ဘက်နားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအင်အားစုမဟာမိတ်အဖွဲ့တွေ ဧပြီ ၂၉ ရက် ညနေ ၃ နာရီက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲခေါင်းဆောင်တွေဆီက သိရပါတယ်။
ပဇီကြီးရွာကို ဧပြီ ၁၁ ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် မြေပြင်ကနေ စစ်ကြောင်း ထိုးကာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖမ်းဆီးနေလို့ တိုက်ပွဲဖြစ်ရတာလို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ဆိုပါတယ်။
ဒေသခံကာကွယ်ရေးခေါင်းဆောင်တဦးက “တိုက်ပွဲက ၁ နာရီ နီးပါးကြာမယ်ထင်တယ်။ သူတို့က စစ်ရှောင်နေတဲ့ နေရာတွေကို တိုက်ခိုက် နေတာ။ သူတို့ထင်သလို KIA,PDF တွေရှိခဲ့ရင်လည်း လေယာဉ်နဲ့ပစ်ကတည်းက ပြောင်းရွှေ့သွားတာကြာပေါ့။ အခုဟာက ဒုက္ခရောက်နေတဲ့ ဒေသခံတွေ စစ်ရှောင်နေတာကို ထပ်ပြီး ဒုက္ခရောက်အောင်လုပ်တာ။ အဲဒီလို လုပ်နေလို့ ကျေးရွာအဆင့်ရှိတဲ့ ပြည်သူကာကွယ် ၄ ဖွဲ့နဲ့ပေါင်းပြီ တိုက်ခိုက်ခဲ့တာ။ အကျအဆုံးကတော့ အတိကျ မသိရသေးဘူး။ ကိုယ့်ဘက်ကတော့ တယောက်မှမကျဆုံးခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပဇီကြီးကျေးရွာပတ်ပတ်လည်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံအများစုဟာ ရပ်ဝေးက ဆွေးမျိုးသားချင် ရှိရာကို သွားရောက်နေထိုင်သေတွေရှိသလို တောတောင်တွေထဲ နေထိုင်ကာ စစ်ဘေးရှောင်နေသူတွေလည်း ရှိနေပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ ကညနရုံးနဲ့ စိုက်ပျိုးရေးရုံးကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄ နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၉ ရက် ညနေ ၆ နာရီလောက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်(Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၃၊ တပ်ရင်း - ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"မနေ့က ညနေ၆ နာရီခန့် ဝင်စီးတာပါ၊ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီကောင်တွေဆီက ၄ ယောက်သေတယ် ဖရဲသီး သတင်းပေါ့။ ကျနော်တို့ဆီက ရဲဘော် ၄ ဦး ဒဏ်ရာရတယ်။ တိုက်ပွဲတွေက ဆက်လုပ်ဖို့ တောက်လျောက်ရှိနေတာပါ၊ အရေးပေါ် လက်နက်ခဲယမ်းတွေလည်း လိုအပ်နေပါတယ်။"
မုံရွာမြို့ခံတဦးက "တိုက်ပွဲဖြစ်သံတွေကြားတယ်၊ ကျနော်တို့နဲ့ နီးနီးလေး။ စစ်ကောင်စီ နဲ့ ဘယ်အဖွဲ့ ဖြစ်တယ်ဆိုတာပဲ မသိရတာ၊ အသံတောင် ဖမ်းထားလိုက်သေးတယ်။ စောစောက သတင်း ထုတ်ပြန်တော့မှ ဖြစ်တဲ့အဖွဲ့တွေကို သိရတာပါ" လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း - ၂၊တပ်ရင်း - ၃၊တပ်ရင်း - ၄၊အထူးကွန်မန်ဒိုတပ်ဖွဲ့(Monwya The Boys)၊ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F (Aung San Force)၊ မုံရွာခရိုင်တပ်ရင်း ၇၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်၊ 5/UG၊MRDA တပ်ရင်း ၆ တပ်ခွဲ ၂ စေတန်တပ်ခွဲ၊ မုံရွာခရိုင် တပ်ရင်း ၂၄ တပ်ခွဲ ၄ Spring Dove နဲ့ People's Defense & Revenge Army PDRA တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီးတော့ မုံရွာမြို့ပေါ်နဲ့စစ်ကိုင်းတိုင်းဒေသခံတွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို မသွားလာကြဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်အရှိဆုံး အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၈ ယောက်ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားပြီး သတင်းပေးခဲ့သူတွေထဲက ၄ ယောက်ကိုလည်း ဖမ်းဆီးရမိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားခံတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ရေးချက်ချင်း ဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ရဲတပ်ဖွဲ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ လေကြောင်းတိုက်ခိုက်နိုင်ဖို့ သတင်းပေးပို့ခဲ့သူ တရားခံတွေဖြစ်တဲ့ အသက် ၅၃ နှစ်အရွယ် သိန်းရွှေ၊ အသက် ၆၁ နှစ်အရွယ် ဦးချို၊ အသက် ၃၆ နှစ်အရွယ် ဇော်မင်းနဲ့ အသက် ၃၀ အရွယ် ယဉ်ယဉ်ဝင်း တို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။
သူတို့ကို ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ အမှုအမှတ် ၁/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်လှစ်ထားရှိပြီး အမှုကို ခိုင်ခိုင်မာမာဆောက်တည် တရားစွဲတင်နိုင်ရေးအတွက် ပြည်သူ့ရဲတပ်ဖွဲ့က ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
တရားခံကို စစ်ဆေးပေါ်ပေါက်ချက်အရ အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝနဲ့ စစ်တပ်သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှာ အမှုအမှတ် ၃/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။
ပြီးတော့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ ၆ ယောက်ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှာ အမှုအမှတ် ၂/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုလုပ် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းက ပဇီကြီးကျေးရွာမှာ စစ်တပ်က Yark-130 တိုက်လေယာဉ်၊ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၈၀ ကျော် သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရခဲ့တာပါ။