close

ပညာပေး

close

February 14, 2023

တနင်္သာရီတွင် တိုက်ပွဲဖြစ်၊ လေကြောင်းရန်ကာကွယ်ရေး ဒေသခံများအား PDF ပညာပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ရေဖြူကျေးရွာနဲ့ ထုံခါးကျေးရွာကြား မောတောင်နဲ့ ကော့သောင်းလမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကော်သူလေးအာမီ ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညနေပိုင်းက ကြိမ်ချောင်းကျေးရွာကနေ တနင်္သာရီမြို့နယ်ဘက်ကို စစ်ကြောင်းချီ ဦးတည်လာတဲ့ စစ်ကောင်စီတပ်သား ၄၀ ပါ ယာဉ်တန်း ၅ စီးနဲ့ ဒေသတွင်း ကော်သူလေးအာမီ ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့တို့ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“တိုက်ပွဲက ဖြစ်တာ သိပ်မကြာဘူး။ တိုက်ပွဲဖြစ်ပြီးတဲ့နောက် သူတို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ PDF တွေရှိတဲ့နေရာကို ပစ်သေးတယ်၊ အထိအခိုက်တော့ မရှိပါဘူး။”

နှစ်ဖက် အပြန်အလှန်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိအခိုက် ကျဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ရေဖြူကျေးရွာရှိ ဒေသခံပြည်သူတွေကို နေအိမ်မှာနေထိုင်ပြီး တံခါးကို လုံခြုံစွာ ပိတ်ထားဖို့လည်း ပြည်သူ့ကာကွယ်ရေးဘက်က သတိပေးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတချို့မှာ ဒေသခံပြည်သူတွေကို လေကြောင်းရန်အန္တရာယ် သတိ‌ရှိစေဖို့အတွက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပညာပေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

စစ်ကောင်စီဘက်က စစ်ရေးအရ ပစ်မှတ်ထားလာနိုင်တဲ့ တနင်္သာရီမြို့နယ်ထဲက NUG ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ ပြုလုပ်‌ကြဖို့ အခုလို အသိပညာပေး ဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

“ခုက ကျေးရွာတွေမှာ လေကြောင်းအန္တရာယ် သတိပြုဖို့ ကြေညာထားတဲ့အတွက်‌ ဒီဒေသတွေမှာရှိတဲ့ မိဘပြည်သူတွေအနေနဲ့လည်း လေကြောင်းကနေ အန္တရာယ်ပြုလာမယ်ဆိုရင် ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်ထားရအောင်လို့ပါ။”

အဆိုပါ တနင်္သာရီမြို့နယ်ဟာ စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ခံထားရတဲ့ မြို့နယ်ဖြစ်ပြီး တိုက်ပွဲတွေ မကြာခန ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

12 hours Ago

January 21, 2021

ဧဝရတ်တောင် အမှိုက်ကင်းစင်ရေး ပညာပေး

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် အမှိုက်ပုံမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတာကို ပြသတဲ့အနေနဲ့ ဧဝရတ်တောင်ပေါ်က ကောက်ထားတဲ့ အမှိုက်တွေကို အနုပညာအဖြစ် ပြောင်းလဲပြီး အနီးဝန်းကျင်က ပြခန်းမှာ ပြသသွားတော့ မှာပါ။  အမြင့်ပေ ၂၉၀၃၂ ပေ မြင့်တဲ့ တောင်ထိပ်နဲ့ အနီးဝန်းကျင်မှာ တောင်တက်သမားတွေက သုံးပြီးသား အောက်ဆီဂျင်ဘူးတွေ ၊ ရွက်ဖျင်တဲစုတ်တွေ ၊ လှေကားပျက်တွေ ၊ စည်သွပ်ဘူးတွေနဲ့ ပလက်စတစ်အိတ်တွေကို စွန့်ပစ်ထားပါတယ်။  အမှိုက်ကနေ အနုပညာဖန်တီးမှုမှာ  ပြည်တွင်း ပြည်ပ အနုပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြိး ဒေသခံတွေကို အမှိုက်ကနေ ရွှေဖြစ်အောင် လုပ်တတ်ဖို့ သင်တန်းပေးသွားမယ်လို့  တွမ်မီဂပ်ဖ်တပ်ဆန် က ဆိုပါတယ်။  ဂပ်ဖ်တပ်ဆန်ဟာ                    ဧည့်သည်သတင်းပေးစင်တာ စာဂါမန်တာ Next Centre  နဲ့ စွန့်ပစ်ပစ္စည်း ပြန်အသုံးပြုရေးလုပ်ငန်း ပရောဂျက်ဒါရိုက်တာနဲ့ ပူးတွဲတည်ထောင်သူ ဖြစ်ပါတယ်။  စင်တာဟာ ဧဝရတ်တောင်ခြေစခန်း မိန်းလမ်းမကြီးပေါ်က ဆီယန်ဘို့ရှ် အရပ် အမြင့်ပေ ၃,၇၅၀ မှာတည်ရှိပါတယ်။  "ဧဝရတ်တောင်ပေါ်က အမှိုက်တွေကို ကောက်ပြီး ပြခန်းမှာ ပြသတာက ထူးခြားတဲ့ စိတ်ကူးဖြစ်ပါတယ်။ ဒါက အမှိုက်စီမံခန့်ခွဲမှုကို  ဖြစ်စေပြီး စင်တာကို လူငယ်တွေ လာကြည့်ဖို့ တွန်းအားပေးပါတယ်" လို့လည်း စီစဉ်သူက ပြောပါတယ်။  
2 years Ago
Up