ထိုင်းနိုင်ငံ မယ်ဆိုင်ကျောက်ဂူကြီးထဲမှာ လွန်ခဲတဲ့ ၄ နှစ်က ပိတ်မိနေခဲ့တဲ့ တောဝက်အကယ်ဒမီ ဘောလုံးအသင်းက လူငယ် ၁၃ ယောက်အနက် အဒွန်းလ် ဆာမ်အွန်ဆိုသူ ဝ တိုင်းရင်းသားလေးဟာ အခုဆိုရင် အမေရိကန်နိုင်ငံ Middlebury College မှာ ပညာသင်ကြားနေပါတယ်။
အဒွန်းလ် ဆာမ်အွန်ဟာ သူတို့တဖွဲ့လုံး ဂူထဲပိတ်မိစဉ် ပထမဆုံးတွေ့ရှိတဲ့ အင်္ဂလန်ရေငုပ်သမားနဲ့ အင်္ဂလိပ်လို အပြန်အလှန်ကြိုးစားပြောကြားခဲ့သူ၊ ဘာသာစကားကိုအသုံးပြုပြီး မိမိရော တပါးသူပါ အကူအညီရရှိရေး ဆောင်ရွက်သူမို့ အမေရိကန်နိုင်ငံက သူ့ကို Global Citizens’ Award ဆု ချီးမြှင့်ခဲ့သလို Middlebury College ကလည်း သူ့ကို ပညာသင်ဆုချီးမြှင့်ပြီး သူတို့ကောလိပ်မှာ တက်ရောက်သင်ကြားစေခဲ့တာပါ။
အဆိုပါဆုကို လွန်ခဲ့တဲ့ ၂၀၁၉ မေလကတည်းကရရှိခဲ့တာဖြစ်ပြီး အဒွန်းလ်ဟာ လက်ရှိ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကတော့ အဒွန်းလ်ဟာ သူ့ရဲ့လူမှုကွန်ရက်ကနေ သူတို့ ဂူထဲပိတ်မိနေစဉ် ကယ်တင်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း နှုတ်ဆက်စကားပြောခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ အဲဒီနေ့ဟာ သူတို့ဂူထဲပိတ်မိခဲ့တဲ့ ၄ နှစ်မြောက် အမှတ်တရနေ့ဖြစ်နေလို့ပါ။ ၄ နှစ်ဆိုတဲ့ အချိန်ဟာ ခဏလေးလိုပါပဲ၊ သူတို့အနေနဲ့ အဲဒီနေ့ကို ဘယ်တော့မှမမေ့သလို သူတို့ကို ကယ်တင်ခဲ့တဲ့ စိုးရိမ်စိတ်ပူပေးခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ လက်ရှိ အခြေအနေ up date လုပ်ရမယ်ဆိုရင်တော့ သူတို့ ၁၃ ဦးလုံး ကျန်းမာလျက်ရှိပြီး စာကြိုးစားနေကြသလို မိမိ အိပ်မက်ရည်မှန်းချက်အတွက်လည်း ကြိုးစားနေကြောင်း၊ အသင်းခေါင်းဆောင် ခို့ချ်အေတ် မှာလည်း ကလေးတွေကို ဘောလုံးပညာ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း၊ အားလုံးပဲ ကိုဗစ်-၁၉ ရောဂါမှ ကင်းဝေးပြီး ကျန်းမာပါစေလို့ ဆုတောင်းလိုက်ကြောင်း အဒွန်းလ်က လိုက်ဖ်လွှင့်ပြီး နှုတ်ဆက်ပြောကြားခဲ့တာပါ။
လက်ရှိ အသက် ၁၈ နှစ်ရွယ်ရောက်ပြီဖြစ်တဲ့ အဒွန်းလ် ဆာမ်အွန်ဟာ မိဘတွေက ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ကဖြစ်ပြီး သူ့ကို မယ်ဆိုင်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ခရစ်ယာန်အသင်းတော်ရဲ့ ထောက်ပံ့မှုနဲ့ ပညာသင်ကြားခဲ့ပြီး ကျောင်းမှာ ဘက်စုံထူးချွန်သူ၊ ထိုင်း၊ မြန်မာ၊ ဝ၊ အင်္ဂလိပ်ဘာသာစကားတွေပါ တတ်ကျွမ်းသူဖြစ်ပါတယ်။
ဂူထဲမပိတ်မိခင်က နိုင်ငံမဲ့ကလေးငယ် ၁ ဦးဖြစ်ပြီး ဂူထဲက ထွက်လာတဲ့နောက် သူ့မွေးစာရင်းပြန် ကြည့်ရာမှာ မယ်ဆိုင်မှာမွေးလို့ မြို့နယ်မှူးက ထိုင်းနိုင်ငံသားကတ် ထုတ်ပေးခဲ့တာပါ။
လွန်ခဲ့တဲ့ ၄ နှစ်က တောဝက်အကယ်ဒမီဘောလုံးအသင်းမှ ဘောလုံးနည်းပြ ၁ ဦးအပါအဝင် လူငယ် ၁၃ ဦးတို့ဟာ မယ်ဆိုင်မြို့နယ် ဒွိုင်နန်းနွန်းကျောက်ဂူထဲ ဝင်ရောက်လျှောက်လည်စဉ် မိုးတွေရွာလာကာ ရေတွေဂူထဲဝင်ပြီး လမ်းပိတ်သွားလို့ ထွက်လာလို့မရတော့ဘဲ အဲဒီဂူထဲမှာဘဲ ၉ ရက်ကျော် အစာရေစာမရှိ ပိတ်မိနေခဲ့ပါတယ်။
သူတို့လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံနဲ့ ကမ္ဘာပေါ်က ကယ်ဆယ်ရေးသမားတွေပါ လူပေါင်း ထောင်နဲ့ချီ ဂူကြီးနားမှာဘဲ နေ့ရောညပါ မနားတမ်းကြိုးစားနေခဲ့ပြီး နောက်ဆုံးမှာတော့ အင်္ဂလန် နိုင်ငံသားရေငုပ်သမားက စတင်တွေ့ရှိကာ သူတို့ကို ရေထဲကနေ တယောက်ချင်းစီ ကူးဖြတ်သယ်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ကေအန်ယူ တပ်မဟာ ၅ ၊ ဖာပွန်(မူတြော်)ခရိုင်မှာရှိတဲ့ မူတြော်ကောလိပ်ကျောင်း(Mutraw Junior College)မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသား ၁၂၁ ယောက် တက်ရောက်ပညာသင်ကြားသွားဖို့ရှိတယ်လို့ ကျောင်းတာဝန်ရှိသူထံက သိရပါတယ်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူ ၁၂၁ ဦးကို ဘာသာရပ်အလိုက် ဆရာ ၅ ဦးနဲ့ ဆရာမ ၅ ဦးက သင်ကြားပေးသွားမှာဖြစ်သလို ကျောင်းအကျိုးအတွက် ကျောင်းကော်မတီ ၂၈ ဦးကိုပါ ဖွဲ့စည်းထားပါတယ်။
ဇွန် ၃ ရက်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ပွဲအခမ်းအနားနဲ့ ရိုးရာဝတ်ပြုဆုတောင်းပွဲ၊ ခေါင်းဆောင်ကြီးတွေရဲ့ ဩဝါဒခံယူပွဲ၊ ကျောင်းကော်မတီရဲ့ တစ်နှစ်စာ ကျောင်းလည်ပတ်မှုအစည်အဝေးတွေကို ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် ပညာသင်နှစ်အတွင်း ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ကြားချိန်ကာလအတွင်း စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်မှု အန္တရာယ်တွေကို ကြိုတင်ရှောင်ရှားရမယ့် အသေးစိတ်စီမံချက်တွေကို ဆွေးနွေးချမှတ်ခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ နယ်မြေကျူးကျော် တိုက်ပွဲတွေနဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကျောင်အဆောက်အအုံတွေ ထိမှန်ပျက်စီးတာတွေရှိခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူတွေရဲ့အသက်အန္တရာယ်ကို မိဘတွေက စိုးရိမ်နေကြရပါတယ်။
ကျောင်းသားမိဘတစ်ဦးက”ကလေးတွေက စာသင်ကျောင်းမှာ ကောင်းကောင်းမွန်မွန်စာသင်ရရင် ပိုအဆင်ပြေတာပေါ့။ တိုက်ပွဲဖြစ်ရင် အားလုံးသိကြတဲ့အတိုင်း အထူးသဖြင့် လေကြောင်းပေါ့။ ကလေးတွေ ကျောင်းမတက်ရဘူး။ ပညာမသင်ရဘူး။ အချိန်တွေ အလကားကုန်တယ်။ ကလေးတွေအတွက်လည်း အသက်အန္တရာယ် စိုးရိမ်ရတယ်”လို့ ဆိုပါတယ်။
မူတြော်ကောလိပ်ကျောင်းဟာ ဂုဏ်သတင်းကျော်ကြားပြီး ကောလိပ်ကျောင်းမှာ တက်ရောက်သင်ယူနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ဘာသာရပ်အလိုက် စိတ်အားထက်သန်မှုအပေါ်မူတည်ပြီး ကြိုးစားသင်ယူတတ်မြောက်အောင်မြင်နိုင်မယ့် အခြေခံပညာရေးလမ်းစတစ်ခုအနေနဲ့ ဖွင့်လှစ်ထားတာပါ။
ကေအန်ယူ ထိန်းချုပ်နယ်မြအတွင်း စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ နယ်မြေကျော်ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးပစ်ခတ်တာတွေအပြင် လေယာဉ်ကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ၇၀,၀၀၀ ကျော်ဟာ ဒီကနေ့အထိ စစ်ဘေးရှောင်နေကြရပါတယ်။