close

ပညာသင်ဆု

close

August 23, 2022

မယ်ဆိုင်ဂူထဲပိတ်မိခဲ့သည့် တောဝက်ဘောလုံးအသင်းသား ၁ ဦး အင်္ဂလန်တွင် ဘောလုံး ပညာသင်ဆုရ

လွန်ခဲ့တဲ့ ၄ နှစ်က ထိုင်းမြောက်ပိုင်း မယ်ဆိုင်ဂူကြီးထဲမှာ ပိတ်မိခဲ့တဲ့ တောဝက် အကယ်ဒမီဘောလုံးအသင်း ၁၃ ယောက်ထဲက နောင့်ဒွမ့်ဆိုသူ လူငယ်ကလေးဟာ အင်္ဂလန်နိုင်ငံမှာ ဘောလုံး ပညာသွားရောက်သင်ကြားရတော့မှာ ဖြစ်ပါတယ်။ 

နောင့်ဒွမ့် ခေါ် ဒုန်ဖေ့ချ် ဖရူမ်ထိပ်ဟာ ဒီနှစ်ထဲ အသက် ၁၇ နှစ်ရှိသွားပြီဖြစ်ပြီး သူ့ရဲ့စိတ်ကူးယဉ်အိပ်မက် တကယ်ဖြစ်လာလို့ ဝမ်းသာကြောင်း သူ့ရဲ့ကိုယ်ပိုင် IG မှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။ 

“ဒီနေ့တော့ ကျနော့်ရဲ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ၊ ကျနော်အင်္ဂလန်နိုင်ငံမှာ ဘောလုံးပညာသွားသင်ရပါတော့မယ်၊ ကျနော့်ကို ပညာသင်ဆုချီးမြှင့်ခဲ့တဲ့ Sport Education နဲ့ Zico Foundation ကို အရမ်းကျေးဇူးတင်ပါတယ်။”

“နောက်ပြီးတော့ ကျနော့်လို နယ်က ကလေးတယောက်ကို ပညာသင်ဆု ချီးမြှင့်တဲ့ Brooke House College Football Academy ကိုရော၊ အိုရာနိုဆ် ကုမ္ပဏီ၊ Sport Hero ထိုင်းနိုင်ငံဘောလုံးအသင်းကိုရော ကျေးဇူးတင်ပါတယ်။ ကျနော့်ကို ထောက်ပံ့ကူညီခဲ့တဲ့ ဝချီရာလိုင်းကျောင်းက ကျောင်းအုပ်ဆရာကြီးနဲ့ ဆရာ၊ ဆရာမအားလုံး၊ အခြားအားပေးသူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်ကြိုးစားမယ်၊ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ ကတိပေးပါတယ်”   လို့ ရေးထားတာပါ။ 

နောင့်ဒွမ့်ဟာ တောဝက်အကယ်ဒမီဘောလုံးအသင်းရဲ့ တိုက်စစ်မှူးဖြစ်ခဲ့ဖူးပါတယ်။ သူတို့ ဂူထဲက ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် သတင်းမီဒီယာ၊ ပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ  ပရီစင်တာက ကလေး ၁၃ ယောက်လုံးရဲ့ အနာဂတ်အိပ်မက်ကို မေးမြန်းရာမှာ နောင့်ဒွမ့်က ထိုင်းနိုင်ငံရဲ့ လက်ရွေးစင်ဘောလုံးသမားတယောက်ဖြစ်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။ 

သူတို့ရဲ့အရည်အချင်းကိုလိုက်ပြီး အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးနေရာမှာ ဝ တိုင်းရင်းသားလူငယ်ဖြစ်တဲ့ အဒွန်း ဆာမ်အွန်ဟာလည်း လက်ရှိ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေပါတယ်။ 

49 seconds Ago
Up