close

ပညာသင်

close

June 17, 2022

စစ်ပွဲတွေကြားက ပညာသင်ယူနေကြတဲ့ ကရင်နီဒေသက ကလေးငယ်များ (ဓာတ်ပုံ)

ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ ကြားကာလပညာရေးကျောင်းတွေမှာ  ကျောင်းသားကျောင်းသူ ၁၀,၀၀၀ ကျော် လေ့လာသင်ယူနေကြတယ်လို့  မြို့နယ်ပညာရေးဘုတ်အဖွဲ့ထံက သိရပါတယ်။

စစ်မြေပြင်အတိဖြစ်နေတဲ့ ဒီးမော့ဆိုမြို့ပေါ်နဲ့ ကျေးရွာတချို့ကလွဲလို့ မြို့နယ်အနောက်ခြမ်းနဲ့ အရှေ့ခြမ်းရှိ ကျေးရွာအများစုမှာ စာသင်ကျောင်း ၁၀၀ ကျော်ဖွင့်လှစ်ထားပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၁၀,၀၀၀ ရှိတယ်လို့ ပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ ကျောင်းသားတွေကို  စေတနာ့ဝန်ထမ်းနဲ့ CDM ဆရာ၊ ဆရာမ ၁၀၀၀ ကျော်က အခမဲ့ သင်ကြားပေးနေပြီး စစ်ရှောင်စခန်းတွေရှိ တာလပတ်မိုး၊ တာလပတ်ကာ ယာယီအဆောက်အအုံတွေမှာ ဖြစ်သလို သင်ယူနေကြရတာဖြစ်ပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ရဟတ်ယာဉ် ဗုံးကြဲတဲ့ဒဏ်ကို အန်တုကာ စာသင်နေရကြောင်း ဘုတ်အဖွဲ့ဝင် CDM ပညာရေးဝန်ထမ်းက ပြောပါတယ်။

“လွတ်မြောက်တဲ့ နယ်မြေဆိုလို့ မရှိပါဘူး။ လေယာဉ်ပျံတွေ အမြဲတမ်းသွားလာနေတော့ လွတ်မြောက်နယ်မြေလို့ မသတ်မှတ်ထားပါဘူး။ စာတော့သင်နေကြတယ် အခက်အခဲတွေအများကြီးရှိတယ်။”

ကျောင်းသားတွေဟာ ကိုယ်ပိုင်ဖတ်စာအုပ်မရှိဘဲ စာရေးကိရိယာ မလုံလောက်လို့ အခက်အခဲတွေ့ရသလို ဆရာ၊ ဆရာမတွေလည်း သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေကြပါတယ်။

ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့အနေနဲ့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ NUG ပညာရေးဝန်ကြီးဌာနတို့နဲ့လည်း ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

Photo - Myo Satt Hla Thaw / MPA

2 mins Ago

June 17, 2021

ကယားစစ်ဘေးရှောင်ကလေးငယ်များ ပညာသင်ကြားနေသည့်မြင်ကွင်း

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရတဲ့ ကယာပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတနေရာမှာ ကလေးငယ်များ ပညာသင်ကြားနေကြပါတယ်။

စစ်ဘေးရှောင်စခန်းရှိ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာ ဆရာမတွေက သင်ကြားပေးနေတာပါ။

ကယားပြည်နယ်မှာ မေလ တတိယ အပတ်မှစတင်ပြီး အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြားတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ရှောင်လာ သူဦးရေ ၁ သိန်းကျော်ရှိနေပါတယ်။

Photo - MPA

12 months Ago
Up