close

ပတ္တယားကမ်းခြေ

close

November 23, 2021

ပတ္တယားကမ်းခြေ ဗလမောင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ၁ ဦး ပထမရ

ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ညက ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်တဲ့အနေနဲ့ ဗလမောင်/ဗလမယ်ပြိုင်ပွဲ Thailand Muscle and Physique Championships 2021 ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံသား ၁ ဦး (ခါးနံပါတ် ၂၅) က ပထမဆုရရှိခဲ့ပါတယ်။ 

အဆိုပါမြန်မာနိုင်ငံသားမှာ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့က အသက် ၂၆ နှစ်ရွယ် စိုင်းဆိုင်အွန်ဖြစ်ပြီး ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုမှာ ပညာသင်နေကာ လောလောဆယ် ကျောင်းပြီးထားပေမယ့် ကိုဗစ်ကြောင့် မြန်မာပြည်ပြန်လို့မရသေးဘဲ ပတ္တယား အလည်အပတ်သွားရင်း လမ်းကြုံလို့ ဝင်ပြိုင်ရာက ပထမဆုရခဲ့တာလို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။  

“ကျနော်က ပြိုင်ပွဲတွေ ဘာတွေဝင်ဖို့ ရည်ရွယ်ချက်တော့မရှိပါဘူး။ ကျန်းမာရေးအတွက် အားကစားလုပ်တယ်။ ကြွက်သားသန်မာအောင် လေ့ကျင့်တယ်။ ပတ္တယားသွားလည်တော့ ပြိုင်ပွဲရှိတာနဲ့ လမ်းကြုံလို့ ဝင်ပြိုင်ရုံပါပဲ။ ပြိုင်ပွဲဝင်သူတွေက မိန်းမရော ယောက်ျားရော လူ ၁၀၀ ကျော်မယ် ထင်တယ်။ နိုင်ငံခြားသားတွေရော၊ ထိုင်းတွေရော ဘယ်သူမဆို ဝင်ပြိုင်လို့ရတယ်။  အသုတ်လိုက်ခေါ်ပြီး ပြိုင်တာ။ ကျနော်တို့အသုတ်က Man’s Athletic Physique Height Over 175 CM. အရပ် ၁၇၅ စင်တီမီတာအထက်တွေ သပ်သပ်ခေါ်တယ်။ နောက်ဆုံးဆန်ခါတင် ၅ ယောက်မှာ ကျနော် ပထမရပါတယ် ခင်ဗျ၊ ကျန်တဲ့ ၄ ယောက်က ထိုင်း ၃ ယောက်၊ ပါကစ္စတန် ၁ ယောက်ပါ။”

ပထမဆုအနေနဲ့ ပွဲဖြစ်မြောက်ရေးကော်မတီက ဂုဏ်ပြုလွှာနဲ့ ဘတ်ငွေ ၁၀၀၀၀ ကို ချီးမြှင့်ပေးခဲ့ပြီး စပွန်ဆာတွေကလည်း လက်ဆောင်ပစ္စည်းတွေ၊ အထူးဈေးနှုန်းနဲ့ ပစ္စည်းဝယ်ယူခွင့် ကူပွန် စတာတွေ ရရှိခဲ့ကြောင်း၊ ဆုငွေပမာဏ အနည်း အများထက် မိမိရဲ့ အောင်မြင်မှုကို ပိုပြီးကျေနပ်ဝမ်းသာရတယ်လို့ သူက ပြောသွားပါတယ်။ 

စိုင်းဆိုင်အွန်ရဲ့ မိဘတွေဟာ တာချီလိတ်မြို့ တော်ကော့ရပ်ကွက်နေ ဦးစိုင်းဇင့် နဲ့ ဒေါ်နန်းခမ်းတို့ ဖြစ်ပြီး သူ့အနေနဲ့လည်း ချင်းမိုင်ရာ့ချ်ဖတ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရပြီးပါက မြန်မာပြည်ပြန်ပြီး မိဘလက်ငုတ်လက်ရင်း ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းကိုသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။ 

1 min Ago
Up