ထိုင်းနိုင်ငံအလယ်ပိုင်း၊ ပထုန်ဌာနီမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက် မနေ့မနက်ပိုင်းက အိမ်စီးကား တစီးက ဘတ်စ်ကားမှတ်တိုင်ကို အရှိန်နဲ့ ဝင်တိုက်လိုက်လို့ မှတ်တိုင်မှာ ကားစောင့်နေတဲ့ မြန်မာအမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။
မနေ့ မနက် ၈ နာရီလောက်က ပထုန်ဌာနီမြို့ ဘန်ခူဝပ်ရပ်ကွက် ဘန်ခူဝပ်လမ်းဆုံမှာ ယာဉ်မတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေပါရှိကြောင်း အကြောင်းကြားတဲ့အတွက် လူနာတင်ယာဉ်၊ မှုခင်းဆရာဝန်တွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ ပထုန်ဌာနီရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ အညိုရောင် ဟွန်ဒါအိမ်စီးကား ၁ စီးက လမ်းဘေး ဘတ်စ်ကားမှတ်တိုင်ဂိတ်ကို ဝင်တိုက်ထားလို့ ပျက်စီးကြေမွနေပြီး ကားမောင်းသူ ထိခိုက်ဒဏ်ရာရကာ သေဆုံးနေတဲ့ အမျိုးသမီး ၁ ဦးပါ တွေ့ရတယ်လို့ ဆိုပါတယ်။
အထောက်အထားအရ ကားမောင်းပြီး ဒဏ်ရသူမှာ လွဲ့အစ်ခရိုင်မှ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းအနုဝပ်ဘွန်းခမ်း ဆိုသူဖြစ်ပြီး သေဆုံးသူမှာ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့ နန်းခိုင်းဝင်းရွှေ ဆိုသူ မြန်မာအမျိုးသမီး ၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။
အနီးနား ဓာတ်ဆီဆိုင်ဝန်ထမ်း ၁ ဦး ပြောပြချက်အရ ယာဉ်တိုက်တာတော့ မတွေ့ရကြောင်း၊ ဒါပေမဲ့ ပေါက်ကွဲသံလို အသံကြားလို့ ကားတာယာပေါက်တယ်ပဲ ထင်မိကြောင်း၊ နောက်မှ ယာဉ်တိုက်မှုဖြစ်တာကို သိရတာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သေဆုံးဒဏ်ရာရသူတွေကို ထမဆတ်ဆေးရုံ ပို့ဆောင်ထားပြီး ဖြစ်ရပ်မှန်ကို ဆက်လက်စုံစမ်းသွားမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် ရန်းဆစ်တက္ကသိုလ်အနီးမှာ မြန်မာတက္ကသိုလ်ကျောင်းသား ၁ ဦး သူနေထိုင်ရာ ၅ ထပ်တိုက်အဆောင်ကနေ အောက်ကိုခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီလောက်က ပထုန်ဌာနီမြို့ လတ်ဟုတ်ရပ်ကွက် ဧကပကျင်းလမ်းသွယ် ၄၂ ရှိ ၅ ထပ်တိုက်အဆောင်မှာ လူသေဆုံးမှုရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ မှုခင်းဆရာဝန်၊ တရားရေးဌာန၊ အုပ်ချုပ်ရေးဌာနတာဝန်ရှိသူတွေနဲ့အတူ အဆိုပါနေရာကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ရန်းဆစ်နယ်မြေရဲတပ်ဖွဲ့က ပြောပါတယ်။
တာဝန်ရှိသူတွေရောက်သွားချိန် အဆောင်ရဲ့အနောက်ဘက်မှာ လူငယ် ၁ ဦး သွေးအိုင် ထဲလဲကျသေဆုံးနေကြောင်း၊ အဆောင်တာဝန်ရှိသူကလည်း ဒီကနေ့မနက်က အဆောင်ထဲ အလုပ်လုပ်နေစဉ် အနောက်ဘက်ကနေ တစုံတရာပြုတ်ကျသံကို ကြားလို့ လုံခြုံရေးအစောင့်ကို သွားကြည့်ခိုင်းရာမှာ လူငယ်တဦးလဲကျနေပြီး ခန္ဓာကိုယ်မှ သွေးများ စွာထွက်ကျနေကြောင်း၊ အသက်မရှူတော့တဲ့အတွက် ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။
စစ်ဆေးချက်အရ အဆိုပါလူငယ်မှာ အသက် ၂၁ နှစ်ရွယ်ရှိ ဖြိုးကျော်ခိုင်ဆိုသူမြန်မာနိုင်ငံသား ဖြစ်ပြီး နယ်မြေထဲက နိုင်ငံတကာအဆင့်တက္ကသိုလ်တခုမှာ Service Industry ဘာသာရပ်အထူးပြုနဲ့ ပထမနှစ်တက်ရောက်သင်ကြားနေတာလို့ ဆိုပါတယ်။
သူ့ရဲ့တယ်လီဖုန်း LINE ထဲမှာလည်း မိဘဆွေမျိုးတွေကို နောက်ဆုံးနှုတ်ဆက်စကားတွေ ပို့ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အဆောင်ရဲ့ ၅ လွှာကို စစ်ဆေးရာမှာ သူနေတဲ့အခန်း အနောက်ဘက်ဝရံတာမှာ ဖိနပ် တရံချွတ်ထားပြီး ဝရံတာလက်ရမ်းကျိုးနေတဲ့ အနေအထားတွေ့ရပါတယ်။
ရဲတွေက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှုလို့ ကနဦးသုံးသပ်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် အနီးနားမျက်မြင်သက်သေနဲ့ စီစီကင်မရာတွေ ထပ်မံစစ်ဆေးဦးမယ်လို့ ပြောသွားပါတယ်။
အဆိုပါကျောင်းသားရဲ့ အလောင်းကိုတော့ ထမဆတ်တက္ကသိုလ်ဆေးရုံမှာ ထားရှိပြီး သက်ဆိုင်ရာ ဆွေမျိုးတွေကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။