close

ပဒိုစောတာနီး

close

March 3, 2022

နွေဦးတော်လှန်ရေး အောင်မြင်မှာ သေချာနေပြီဟု ကေအန်ယူ တာဝန်ရှိသူပြော

တူမီးနဲ့တိုက်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းနေရတဲ့ အနေအထား ဖြစ်နေတာကြောင့် ပြည်သူ့နွေဦးတော်လှန်ရေးဟာ အောင်မြင်မှာ သေချာနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တဦးက ပြောပါတယ်။ 

လတ်တလော ကရင်၊ ကရင်နီ၊ ကချင်နဲ့ စစ်ကိုင်းဒေသတွေမှာ စစ်ကောင်စီတပ်တွေက မြေပြင်ဝေဟင်ကနေ အပြင်းအထန်တိုက်ခိုက်နေရတဲ့အပေါ် ကေအန်ယူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး  သုံးသပ်ပြောလိုက်တာ ဖြစ်ပါတယ်။   

“စစ်အာဏာသိမ်းပြီးနောက် သုံးလာတဲ့ လေယာဉ်ပျံနဲ့ တိုက်ခိုက်တာက ကျနော်တို့ ကရင်ဒေသတခုတည်းမှာ မဟုတ်တော့ဘူး။ တခြားဒေသမှာကော၊ ကရင်နီဒေသမှာကော၊ ရှမ်းပြည်ဘက်မှာရောပေါ့နော်။ အခုနောက်ဆုံး တူမီးသေနတ်နဲ့ပဲ ပြန်ပြီး‌တော့ တော်လှန်တိုက်ခိုက်နေတဲ့ လူတွေဆီကိုလည်း သူတို့ လေယာဉ်နဲ့သုံးမှ ရနိုင်တဲ့အနေအထားဆိုတော့ ဒါကတော့ ရှင်းနေတာပဲ၊ ဒီတိုက်ပွဲ ဘယ်သူအောင်မလဲဆိုတာ။ တူမီးနဲ့ တိုက်နေတဲ့လူကို လေယာဉ်ပျံနဲ့ ပြန်ပြီးတော့ ဖြိုခွင်းတဲ့အနေအထားဆိုတော့ အဲဒီတိုက်ပွဲကို ကျနော်တို့ မေးခွန်းထုတ်စရာမလိုတော့ဘူး။ လုပ်စရာရှိတာလုပ်ရမယ်။ အဲဒီအောင်ပွဲက ကျနော်တို့အတွက်ပဲ။ ကျနော်တို့ လုပ်နိုင်တဲ့ အနေအထားမှာ ကျနော်တို့ လုပ်မယ်။ တရားမျှတမှု မရှိတာ မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုစစ်တိုက်တာက တရားမျှတမှု လုံးဝမရှိတော့ဘူး။ သူတို့အနေအထား သူတို့အင်အားအလွန်အကျွံသုံးနေတာတောင်မှ အောင်ပွဲဆိုတာ သူတို့အတွက် ဘာမှ ဖော်ပြစရာမရှိဘူး။ လူထုက သူတို့ကို ခါးခါးသီးသီးဖြစ်လာနေတဲ့အချိန်မှာ ကျနော်တို့ လူထုတိုက်ပွဲက အောင်ကိုအောင်မှာ။”

ပြည်သူလူထုကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းနေတဲ့အတွက် စစ်တပ်နဲ့ စစ်ကောင်စီဟာ တနိုင်ငံလုံးက လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ထောက်ခံမှု ဆုံးရှုံးသွားရပြီလို့လည်း ကေအန်ယူတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

“စစ်တပ်ဘက်က  ဆုံးရှုံးသွားတဲ့အခါမှာ အရာရာတိုင်းကို အင်အားနဲ့ပဲ ဖြိုခွင်းမယ်၊ အနိုင်ယူမယ်ဆိုတဲ့ မပြောင်းလဲနိုင်တဲ့ သူ့ရဲ့သဘောတရားတခုကတော့ အရင်ကတည်းက ကိုင်ထားတာ၊ လူထုအပေါ်မှာ ဒီလို ဆက်ဆံလာတဲ့အခါကျတော့ မြို့ရော၊ တောရော အကုန်လုံး လုပ်တဲ့အရာမှန်သမျှ လူထုကို သတ်ဖို့ဖြတ်ဖို့ပဲ လုပ်တဲ့အခါကျတော့ လူထုရဲ့ စိတ်တွေ ကြောက်စိတ်တွေ ဖုံးလွှမ်းသွားပြီး သူတို့ကို လှန်နိုင်တဲ့အနေအထား ရှိရမယ်ဆိုတဲ့ သူတို့ရဲ့ ခံယူချက်နဲ့ သူတို့လုပ်သွားတာ။ အခုက သူတို့ ရလိုက်တဲ့အဖြေက လူထုက သူတို့ကို ခါးခါးသီးသီး မုန်းတီးသွားပြီးတော့ လူထုတွေက သူတို့ရဲ့ ရန်သူ အကုန်လုံးဖြစ်သွားတယ်။ အဲဒါ သူတို့ဘက်က ဆုံးရှုံးသွားတဲ့အရာ ဖြစ်တယ်။ ကျနော်တို့အတွက် ရတဲ့အရာက ဘာလဲဆိုတော့ လူထုတယောက်ချင်းစီ၊ တယောက်ချင်းစီက၊ ဒီတော်လှန်ရေး ငါတို့နဲ့ ပတ်သက်တယ်၊ အဲဒီအမြင်တွေက ကျနော်တို့က အခုက နှစ် ၇၀ လုံး လုံးပမ်းလာတာ အခုမှ ရတဲ့အနေအထားမှာ ရောက်သွားတာ။ ဆိုတော့ ဒါကျနော်တို့ တော်လှန်ရေးအတွက် တကယ့်အင်အားပဲ။ ဆုံးရှုံးမှုတွေ လုပ်တဲ့အပိုင်းမှာတော့ ပြောစရာကိုမလိုဘူး။ ဘာလို့လဲဆိုတော့ မြို့ပေါ်မှာ သူတို့ သတ်ဖြတ်နေတဲ့ဟာတွေကို မျိုးစုံပဲ၊ ကျနော်တို့ ဖော်ပြလို့တောင်မကုန်ဘူး။ တောမှာလည်း ထစ်ခနဲဆိုရင် လူထုတွေကို သွားပြီးတော့ သတ်ဖြတ်တာ၊ လေယာဉ်ပျံဗုံးကြဲတာ ကျနော်တို့ တောက်လျှောက်ပဲ၊ ဒီအနေအထားကလည်း နိုင်ငံတကာ မျက်နှာစာမှာ ရောက်လာတယ်။ ဆိုတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျနော်တို့ ဖော်ပြလို့ မရနိုင်တဲ့နေအထားမှာရှိနေတဲ့အခါကျတော့ ဒီတော်လှန်ရေးတခုလုံးမှာ လူထုက ဒီတော်လှန်ရေးထဲမှာ လူထုက မပါချင်ဘဲ ပါလာရတဲ့ အနေအထား ရောက်လာတယ်ဆိုတာ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်တယ်။ ”

နိုင်ငံတကာ သံတမန်ရေးမှာလည်း  စစ်ကောင်စီဟာ ရှုံးနိမ့်နေတယ်လို့  ပဒိုစောတောနီးက ဆိုပါတယ်။  

“ဆိုတော့ နောက်ထပ် နိုင်ငံတကာ မျက်နှာစာမှာ ဘယ်လိုရှိလဲဆိုတော့ ကျနော်တို့ ဒီနေ့ အန်ယူစီစီကို ဖွဲ့စည်းလာတဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးပိုင်းမှာတော့ ကုလသမဂ္ဂအလယ်မှာ စစ်ကောင်စီက ဘယ်လိုမှ နေရာမရဘူးဆိုတာ ရှင်းနေတာပဲ။ ဒါ ကျနော်တို့ ဆက်တွန်းရမယ့်ကိစ္စ  ဖြစ်တယ်။ ကျနော်တို့ ရှေ့ဆက်ရမယ့်ဟာကတော့ ပြည့်စုံမှုမရှိပေမဲ့ ကျနော်တို့ အခြေခံကောင်းရသွားပြီ။ ကျနော်လည်း ပြောထားတယ်။  ၂၀၂၂ က ဒီမတရားမှုကို အလဲထိုးရမယ့်နှစ်လို့ ရှင်းရှင်းပြောထားတယ်။ အဲဒါကို ကျနော်တို့ ဒီနေ့ကစပြီးတော့ ဘာမှ သံသယဖြစ်စရာမလိုဘူး။ ကျနော်တို့ မူဝါဒက ရှင်းတယ်။ ဒီအာဏာသိမ်းတဲ့အဖွဲ့ကို ဖြုတ်ချရမယ်။”

လက်ရှိ အခြေအနေမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ တွန်းလှန်ဖယ်ရှားနိုင်ဖို့ ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားတွေ ညီညွတ်ကြရမယ်လို့လည်း ကေအန်ယူတာဝန်ရှိသူက တိုက်တွန်းသွားခဲ့ပါတယ်။

8 mins Ago

February 1, 2022

“ဒီနှစ်ဟာ မတရားမှုကို အလဲထိုးရမယ့်နှစ်ပဲ”- စစ်အာဏာသိမ်း ၁ နှစ်ပြည့် EAO အဖွဲ့တချို့၏ သဘောထားအမြင်

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က နိုင်ငံတော်အာဏာကို မတရား သိမ်းယူခဲ့တာ ၁ နှစ်ပြည့်မြောက်တဲ့နေ့မှာ လက်ရှိ စစ်အာဏာရှင်ပြုတ်ကျရေး နည်းလမ်းပေါင်းစုံနဲ့ တောင်းဆို တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ သဘောထားအမြင်တွေကို ဒီဗွီဘီက စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကေအန်ယူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစော‌တောနီး

ကရင်အမျိုးသားအစည်းအရုံး - ကေအန်ယူ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစော‌တောနီးက “ကျနော်တို့ ကေအန်ယူအနေနဲ့ အာဏာသိမ်းပြီး နောက်တရက်မှာပဲ ကြေညာချက်ထုတ်တယ်။ ကြေညာချက် ထုတ်တယ်ဆိုတာ အာဏာသိမ်းတာကို ဆန့်ကျင်တယ်။ လုံးဝလက်မခံဘူး။ နောက် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့လူလည်း ကျနော်တို့ ပူးပေါင်း လုပ်ဆောင်သွားမယ်။ သူတို့ကို ကူစရာရှိတာ ကူမယ်ဆိုပြီးတော့ ကျနော်တို့ ထုတ်ပြန်ကြေညာချက် လေး ငါးစောင်လောက် ထုတ်တယ်။ အဲဒီထုတ်ပြန်ကြေညာချက် ပြီးတဲ့နောက်ပိုင်းမှာကလည်း မြို့ပေါ်မှာ အခင်းအကျင်းတွေ ဖြစ်လာတဲ့အခါမှာ၊ သတ်တာ၊ ဖြတ်တာတွေဖြစ်လာတဲ့အခါမှာ ကျနော်တို့ အောက်ခြေကို ချက်ချင်းပဲ ညွှန်ကြားတယ်။ မင်းတို့ ပြင်ထားတော့၊ ထွက်ပြေးလာတဲ့လူတွေ မကြာခင် ရောက်လာတော့မယ်။ မင်းတို့ ပြင်ထားတော့ဆိုပြီး အဲဒါပြောတာ မဆုံးဘူး အကုန်ရောက်ချလာတယ်။ ဆိုတော့ ကျနော်တို့က ဘယ်လိုပဲပြောပြော မူဝါဒအရ ရှင်းတယ်လေ။ စစ်အာဏာရှင်ကို လုံးဝ လက်ခံလို့မရဘူး။ ဒီလိုအာဏာသိမ်းတာ လုံးဝ လက်ခံလို့မရတဲ့ပေါ်မှာ အဲဒီကတည်းက ထွက်ပြေးလာတဲ့လူနဲ့ကို စစ်ရေးနိုင်ငံရေးအရ အကုန်လုံး လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်တယ်။ မနေ့တနေ့ကပဲ NUCC ဖွဲ့ပြီးတဲ့နောက်မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ နိုင်ငံရေးအရ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ပြည်သူ့ညီလာခံကို ခေါ်ပြီးပြီ။ အဲဒီမှာတင်လည်း ကျနော်တို့ ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင်ပါဝင်တဲ့ ကေအန်ယူအနေနဲ့ကတော့ ပြီးခဲ့တဲ့ဟာတွေ သဘောတူညီချက်တွေ ဘာတွေရတယ်။ အဲဒါတွေက နောက်ဆုံးကျတော့ ကျနော်တို့ လက်တွေ့ အကောင်အထည်ဖော်ဖို့ပဲ လိုတော့တယ်လေ။ ကျနော် အကြိမ်ပေါင်းများစွာလည်း ပြောပြီးပါပြီ။ ၂၀၂၁ တနှစ်လုံးမှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ကျနော်တို့ နားလည်မှု တည်ဆောက်တယ်။ အဲဒီထဲမှာ လုပ်စရာရှိတာ လုပ်တယ်။ နောက်ဆုံးအဆင့်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ၂၀၂၂ ရောက်လာတဲ့ခါကျတော့ ဒီနှစ်ဟာ မတရားမှုကို အလဲထိုးရမယ့်နှစ်လို့ ကျနော်တို့ တောက်လျှောက်ပဲ ပြောလာပါတယ်။ ပြောတဲ့အတိုင်းပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမယ်” လို့ ပြောပါတယ်။

KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က   “စစ်အာဏာ သိမ်းတာ တနှစ်ပြည့်ပြီပေါ့။ ဒီတနှစ်ပြည့်မှာ ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်မယ် ဆိုရင်တော့ တဖြည်းဖြည်းနဲ့ အာဏာရှင်ဆန်ဆန်လုပ်ရပ်တွေကို ပိုမိုပြီးမှ တိုးချဲ့လုပ်လာတာတွေ တွေ့ရတယ်။ ဒါ့အပြင် ကျနော်တို့ ပြည်နယ် သုံး လေးခုနဲ့ တိုင်းတချို့တွေမှာပေါ့နော်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွေမှာလည်း လူသားမျိုးနွယ်စုဆိုင်ရာ ရာဇဝတ်ကျူးလွန်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ အဓိက ဆောင်ရွက်လာတာ တွေ့ရတယ်။ နောက်ပြီးတော့မှ ကျနော်တို့ ဒီအပြစ်မဲ့တဲ့ ပြည်သူလူထုတွေကိုပေါ့နော် Target ထားပြီးတော့ တိုက်ခိုက်လာတာ တွေ့ရတယ်။ တွေ့ရတော့ ကျနော်တို့ ဒါကို ဒီတနှစ်အတွင်းမှာ ကြည့်မယ်ဆိုရင် စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေက တစနဲ့တစ ပိုပြီးပေါ်လွင်လာတာရှိတယ်။ ဒါကို ကျနော်တို့က ဒါကို အရေးယူဆောင်ရွက်နိုင်အောင်၊ ကျနော်တို့ နိုင်ငံသူနိုင်ငံသား အားလုံးလည်း တာဝန်ရှိသလို သက်ဆိုင်သူအားလုံးလည်း တာဝန်ရှိတယ်။ ဒါ့အပြင် UN အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ဒါကို ဝိုင်းဝန်းပြီးမှ ဆောင်ရွက်ကြဖို့တော့ ကျနော်တို့ တိုက်တွန်းနေတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို ပေါ်ပေါ်ထင်ထင် တွေ့လျက်သားနဲ့ သူတို့ကို ရာဇဝတ်မှု ကျူးလွန်နေတာကနေပြီးမှ ကင်းလွတ်ခွင့်ကို ပေးဦးမယ်ဆိုလို့ရှိရင် ဆက်ပြီးတော့မှ ဒီလိုမျိုး လုပ်ရပ်တွေကို ဖြစ်ဖို့ရာကို အကြောင်းအရာတွေ ရှိတယ်ပေါ့နော်။ ဒါကို ကျနော် ပြောချင်တယ်။ ဒါကတော့ စစ်အာဏာရှင်နဲ့ ပတ်သက်တာပေါ့။ နောက်တခုကတော့ ကျနော်တို့အတွက် အားရစရာတခုတော့ ရှိပါတယ်။ ဒါကတော့ အရင်တုန်းက ကျနော်တို့ကြားထဲမှာ မတူညီတဲ့ နိုင်ငံရေး ဦးတည်ချက်တွေ၊ လုပ်ငန်း အကောင်အထည်ဖော်မှုတွေက တသီးတခြား တကွဲတပြားရှိနေပေမယ့်လည်း ဒီနှစ်ကတော့ ဘုံရန်သူက တယောက်တည်း ဖြစ်လာတဲ့ပေါ်မှာ ကျနော်တို့စုစည်းလာတဲ့ပေါ်မှာ ကျနော်တို့ အားရတာရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုဆိုလို့ရှိရင် NUCC မှာဆိုလို့ရှိရင် အဖွဲ့အစည်း ၃၃ ဖွဲ့လောက် ပါလာပြီ။  ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်ကလည်း စစ်အာဏာရှင် ချုပ်ငြိမ်းပြီးတော့မှကို ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အားလုံးက ဘုံသဘောထား အဖြစ်နဲ့ ချမှတ်ပြီး ဆောင်ရွက်လာတာကတော့ ဒါကတော့ အားရစရာတခုရှိပါတယ်” လို့ ပြောပါတယ်။

“ကျနော်တို့ ဒီနွေဦးတော်လှန်ရေးကို လုပ်တဲ့အခါမှာလည်း ကျနော်တို့အားလုံးက ဟန်ချက်ညီလို့ လိုတယ်။ နေရာဒေသအသီးသီးကနေပြီးမှ ဟန်ချက်ညီညီနဲ့ လုပ်ဖို့လိုတယ်။ ဆိုတော့ ဟိုပြည်နယ်ပဲ လုပ်တယ်၊ ဟိုတိုင်းပဲ လုပ်တယ်၊ ဒီဒေသကပဲ လုပ်တယ်ဆိုတဲ့ တကွဲတပြား လုပ်နေရင်တော့ ဒါက စစ်အာဏာရှင်ရဲ့အကြိုက် ဖြစ်တယ်။ ဒါကတော့ အင်အားတွေ အလွန်အကျွံ သုံးပြီးတော့ ဖြိုခွင်းဖို့ အခွင့်အလမ်းကို ကျနော်တို့ပေးလိုက်သလို ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ဟန်ချက်ညီညီနဲ့ စစ်အာဏာရှင်ကို တော်လှန်၊ တွန်းလှန်မယ်ဆိုလို့ရှိရင်တော့ အနှေးနဲ့ အမြန် ကျနော်တို့ အောင်မြင်မှု ရရှိနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကျနော်တို့ အစွမ်းကုန် အသက်နဲ့ရင်းပြီး တော်လှန်တဲ့အနေအထားကို ကြည့်ရင် ထိရောက်တဲ့ လှုပ်ရှားမှုတွေ မလုပ်တဲ့ဒေသတွေ တကွဲတပြားရှိနေမယ်ဆိုရင် ကျနော်တို့ တော်လှန်နေတဲ့ တချို့တိုင်းနဲ့ ပြည်နယ်တွေကတော့ နစ်နာမှုတွေဖြစ်ပေါ်ပြီး ဒီထက်ပိုပြီး နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြည်သူလူထုကလည်း ကျနော်တို့ စစ်ဘေးဒဏ်တွေမကဘူး။ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရိက္ခာ အစာရေစာ ပြတ်လပ်ခြင်းဆိုတဲ့ ငတ်မွတ်ခေါင်းပါးခြင်း ဒဏ်တွေကိုလည်း ကျနော်တို့ ခံလာနိုင်ရစရာတွေ ရှိပါတယ်။ နောက်ပြီး နိုင်ငံတကာကလည်း ဒီကြားထဲမှာဝင်ပြီးတော့မှ တွေ့ဆုံ ဆွေးနွေးရေးကို ဖိအားပေးနေမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ စဉ်းစားဖို့ တခုလိုတာကတော့ ကျနော်တို့ ၂၀၀၈ ကို အခြေခံတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကတော့ လုံးဝ မလုပ်သင့်တဲ့အကြောင်း ပေါ့နော်။ ဒါကြောင့်မို့ ကျနော်တို့ စစ်တပ်နဲ့ ဒီနေ့အခြေအနေမှာ တွေ့ဆုံဆွေးနွေးရေးထက်ကို ကျနော်တို့ တိုင်းပြည်မှာ စစ်တပ်က နိုင်ငံရေးကနေပြီးမှ ဆုတ်ခွာပေးဖို့ကိုပဲ ပိုပြီးဖိအားပေးသင့်တယ်လို့ ကျနော် ပြောချင်ပါတယ်။”

PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်

 ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က“အခု ဒီစစ်အာဏာသိမ်း ခဲ့တဲ့ထဲမှာတော့ ကျနော်တို့ တိုင်းပြည်ရဲ့သမိုင်းမှာ စစ်အာဏာသိမ်းခဲ့တဲ့ အကြိမ်ကြိမ် ရှိခဲ့တယ်။ အဲဒီထဲမှာမှ နိုင်ငံတကာကော ပြည်သူလူထုကော အသိအမှတ်ပြုမခံရတာကတော့ အခု ၂၀၂၁ ခု အာဏာသိမ်းမှုပဲ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အာဏာတွေ သိမ်းခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလတွေထဲမှာတော့ De Facto legitimacy လို အဆင့်အတန်းမျိုးနဲ့ အသိအမှတ်ပြုခံရမှုတွေကတော့ ရှိခဲ့ကြတယ်။ ရှိပြီးတော့လည်း အဲဒီကာလရဲ့ စစ်တပ်အုပ်ချုပ်မှုတွေ သက်ဆိုးရှည်ခဲ့တာတွေ ရှိပါတယ်။ အဲဒီကာလရဲ့ အခြေအနေတွေအရ နိုင်ငံတကာမှာ De Facto legitimacy အဆင့်အတန်း အသိအမှတ်ပြုခံရမှုတော့ ရှိတယ်။ အခု ဒီတကြိမ် အာဏာသိမ်းမှုကတော့ ပြည်တွင်းကော၊ ပြည်ပကော ဘယ်သူကမှ အသိအမှတ်ပြုမှု အဆင့်အတန်းတခုနဲ့ထားပြီးတော့ အသိအမှတ်ပြုတာမျိုးကိုတော့ ကျနော်တို့ မတွေ့ရပါဘူး။ ဒါကလည်း အရေးကြီးတဲ့ အချက်တချက် ဖြစ်တယ်။ နောက်တခုကတော့ အခုဒီလို လူထုဆန္ဒနဲ့ ဆန့်ကျင်ပြီးတော့ ပြည်သူလူထု ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီးတော့ ဖော်ဆောင်ခဲ့တဲ့အတွက်လည်းပဲ ဒီလိုမျိုးတွေ ကြုံနေရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဏာသိမ်းမှုကတော့ အောင်မြင်တဲ့ အာဏာသိမ်းမှုဖြစ်ဖို့ အင်မတန် မလွယ်ကူပါဘူး။ ထိုနည်းတူပဲ ကျနော်တို့တိုင်းပြည်မှာ ဒီနေ့ ပြည်သူလူထုအနေနဲ့ကလည်းပဲ ဒီအခုကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ ပဋိပက္ခက ဘာလဲဆိုလို့ရှိရင် ကျနော်တို့ ဖြစ်တဲ့ ပဋိပက္ခတွေ သုံးသပ်ကြတဲ့ အခါမှာ ဒါ အန်အယ်လ်ဒီနဲ့ တပ်မတော်အကြား ပဋိပက္ခလို့ ပြောကြတာတွေလည်းရှိတယ်။ ဒီနေ့ ဖြစ်နေတာကတော့ အန်အယ်လ်ဒီနဲ့ တပ်မတော်အကြား ပဋိပက္ခမဟုတ်ဘူး။ ထိုနည်းတူ ဗမာ၊ ဗမာတွေ အချင်းချင်းကြားမှာဖြစ်နေတဲ့ ပဋိပက္ခလည်း မဟုတ်ဘူး။ နောက်တခါ ဗမာနဲ့ ဗမာဟုတ်တဲ့ တိုင်းရင်းသားတွေကြားမှာ ဖြစ်တဲ့ ပဋိပက္ခလည်း မဟုတ်ဘူး။ ဒီနေ့ဖြစ်နေတဲ့ ပဋိပက္ခကတော့ စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန်ကျင့်သုံးနေတဲ့ စစ်ကောင်စီနဲ့ အဲဒီ စစ်အာဏာရှင်စနစ်ကို ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ အကြားဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ဒီနေ့အခါမှာ ကျနော်တို့ တိုင်းရင်းသားပြည်သူတရပ်လုံးက အရင်ကာလတုန်းကတော့ ဒီတော်လှန်ရေးနယ်မြေဆိုတာ တိုင်းရင်းသားနယ်မြေမှာပေါ့လေ၊ ဗမာမဟုတ်တဲ့ တိုင်းရင်းသားနယ်မြေတွေမှာပဲ အများဖြစ်ခဲ့တာကိုး၊ အခုကကျတော့ ဗမာတိုင်းရင်းသားအများစုမှာနေတဲ့ ဒေသတွေမှာကိုက အခုဆိုရင် စစ်ကိုင်းတိုင်းတို့လို ဒေသတွေမှာ တော်လှန်ရေးတွေက အင်မတန်ကို ပြင်းပြင်းထန်ထန်နဲ့ ပေါက်ကွဲနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့ကတော့ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်ကို ဘယ်လိုမှ လက်မခံနိုင်တော့တာဖြစ်တဲ့အတွက် ပြည်သူတင်းရင် ဘယ်သူကမှ မခံနိုင်ပါဘူး။ စစ်အာဏာသိမ်းမှုက ကျဆုံးပြီးတော့ ပြည်သူတွေ လိုလားတဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကတော့ မုတ်ချမသွေပေါ်ထွန်းရမယ်လို့ ကျနော် အဲလို မြင်မိပါတယ်”လို့ ပြောပါတယ်။

4 weeks Ago
Up