ကလေးတိုင်း ဘေးကင်းတဲ့သောက်သုံးရေ ရရှိရေး လှုပ်ရှားဆောင်ရွက်သူ စောသေဂေမူး (ခ)သေဖိုး ကို ၂၀၂၁ ခုနှစ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
စောသေဂေမူးဟာ ကရင်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေ သန့်ရှင်းပြီး ဘေးကင်းကျန်းမာတဲ့ သောက်သုံးရေတွေ ရရှိရေးတွက် လှုပ်ရှားဆောင်ရွက်သူဖြစ်ပြီး ကရင်ပြည်နယ် နယ်စပ်တလျှောက်က လူတိုင်း သန့်ရှင်းတဲ့ ဘေးကင်းတဲ့ သောက်သုံးရေ ရရှိအောင် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်ပါတယ်။
သူ့ရဲ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ လှုပ်ရှားဆောင်ရွက်မှုကြောင့် ကရင်ပြည်နယ်နဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ လူပေါင်း ၄၀၀၀၀ ထက်မနည်း အကျိုးခံစားရပြီး လူငယ်တွေအတွက် အတုယူသင့်တဲ့သူဖြစ်လို့ ဒီဆုကို ချီးမြှင့်တာဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
စောသေဂေမူးဟာ အသက် ၂၉ နှစ်ရှိပြီး သူဟာ သန့်ရှင်းဘေးကင်းတဲ့ သောက်သုံးရေ ရရှိရေးလှုပ်ရှားမှုကို ၂၀၁၈ ခုနှစ်က စတင်လုပ်ခဲ့တာဖြစ်ပြီး ကရင်ပြည်နယ်အတွင်းနဲ့ ထိုင်းနယ်စပ်တလျှောက်ကမှာ သောက်ရေသန့် ရေစစ်စက်ကြီး စက်ငယ် ၁၀၀ လောက် တပ်ဆင်ပေးထးပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။
“ကျနော်တို့ ဒီသောက်သုံးရေသန့်စက်ကြီးကို ၁၀ လုံးကျော် တပ်ဆင်ပေးထားပြီးပြီ။ အဲဒီစက်ကြီးတွေက တရက်ကို သောက်ရေသန့် လီတာ ၂၀၀၀ ထုတ်ယူနိုင်တယ်။ ပြီးတော့ တရက် လီတာ ၁၀၀၀ လောက် ထုတ်နိုင်တဲ့ ရေသန့် ရေစစ်စက်ကြီးတွေ ၁၀ ကျော်။ ဒီစက်တွေဟာ လျှပ်စစ်မီး အသုံးပြုစရာ မလိုဘူးပေါ့နော်။ Gravity အကို သုံးတာပေါ့နော်။ နောက် ဒီလူ လေး ငါးရာ သောက်သုံးနိုင်တဲ့ WATER ROLL ကတော့ ကျနော်တို့ ပေးတာ သုံး လေးဆယ် တပ်ဆင်ပေးထားပြီး ဖြစ်တယ်။”
စောသေဂေမူးဟာ ကရင်ကျောင်းသားများ ကွန်ရက် (KSNG) အဖွဲ့ဝင်တဦးဖြစ်သလို အာဆီယံ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ လူငယ်ခေါင်းဆောင် ကောလိပ်သင်တန်းမှာ ရွေးချယ်ခံရပြီး အဲဒီသင်တန်းကနေတဆင့် ဒေသအတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အခု ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ရရှိတဲ့အပေါ် ဒါဟာ သူ့ကိုပေးတာမဟုတ်ဘဲ ကွန်မြူနတီက လူတွေအားလုံးကို ပေးတာဖြစ်သလို ဒီလို ရရှိတဲ့အတွက်လည်း အလုပ်ဆက်လုပ်နိုင်ဖို့ ခွန်အားဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော့်ကို ရွေးချယ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ သူတို့အနေနဲ့ ကျနော်တို့လုပ်ငန်းကို ဆက်လက်ပံ့ပိုးဖို့ စိတ်အားထက်သန်သလို ကျနော်တို့လုပ်ငန်းကို တန်ဖိုးထားပြီး ချီးမြှင့်တဲ့အတွက် ဝမ်းသာတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် ညီကိုမောင်နှမတွေကိုလည်း ကျေးဇူးတင်တယ်။ ဒီဆုရရှိတာက ကျနော်တယောက်တည်း မဟုတ်ဘဲ အားလုံးက ဒီချီးမြှင့်မှုကို ရရှိတာဖြစ်တယ်လို့ ပြောချင်ပါတယ်။”
ဒီဆုချီးမြှင့်ငွေ ဒေါ်လာ ၄၀၀၀ ကို မနက်ဖြန် ဩဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ပဒိုမန်းရှာရဲ့သားကြီး စောစေးစေးက ပေးအပ်သွားမယ်လို့ ဖန်းဖောင်ဒေးရှင်းက ကြေညာပါတယ်။
ဘားအံခရိုင်၊ ညာလီအားထာမှာ ကျင်းပပြုလုပ်မယ့် ၇၂ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ ဒီဆုကို ချီးမြှင့်မှာဖြစ်ပြီး သူကိုယ်တိုင် တက်ရောက်ဆုယူမှာဖြစ်ကြောင်းလည်း စောသေဂေမူးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ရပ်ရွာအသိုက်အဝန်းအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ စောမင်းခလိန်းက ရရှိခဲ့တာ ဖြစ်ပါတယ်။
ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့က ရပ်ရွာအသိုက်အဝန်းအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ စောမင်းခလိန်းကို ၂၀၂၀ ပြည့်နှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။
စောမင်းခလိန်းဟာ သဟဇာတလူငယ်အဖွဲ့ Harmony Youth Association (HYA) တည်ထောင်သူ အမှုဆောင် ဒါရိုက်တာဖြစ်ပြီး လူငယ်ခေါင်းဆောင်တွေအတွက် တောက်ပ သောအနာဂတ်တစ်ခု တည်ဆောက်ဖို့ လုပ်ဆောင်ပေးတဲ့သူဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့၊ လူမှုဖွံ့ဖြိုးရေးအတွက် တက်ကြွလှုပ်ရှားနေတဲ့ ကော့ကရိတ်မြို့နယ်က ကရင်လူငယ် ခေါင်းဆောင်ဖြစ်တယ်လို့ ဆုးပေးတဲ့ ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်း အာရှလမ်းမကြီး စတင်ဖောက်လုပ်စဉ်က ဒေသခံတွေဟာ သူတို့ရဲ့မြေယာ ဆုံးရှုံးမှုတွေ၊ နေရာထိုင်ခင်း ဆုံးရှုံးတာတွေနဲ့ အခြေခံလူ့အခွင့်အရေးဆုံးရှုံးမှုတွေ များစွာရင်ဆိုင်ခဲ့ရာမှာ စောမင်းခလိန်းရဲ့ ပညာပေးမှု၊ လှုပ်ရှားပါဝင်မှုကြောင့် ဒေသခံတချို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပြန်လည်ရရှိခဲ့တာတွေရှိတယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် သူဟာ လူငယ်တွေအတွက် လူငယ်ခေါင်းဆောင်ဖြစ်မှုသင်တန်းတွေ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာတွေကို သင်ကြားပေးခဲ့ပြီး သူသင်ပေးတဲ့ လူငယ်အတော်များများက ဒေသအတွက် ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
စောမင်းခလိန်းဟာ လက်ရှိအချိန်မှာ အသက် ၂၉ နှစ်ရှိပြီး သူ့ရဲ့လူမှုသိုင်းအဝန်းအတွက်များစွာ လုပ်ဆောင်ပေးနေတဲ့ လူငယ်ခေါင်းဆောင်ဖြစ်သလို လက်ရှိ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်လည်း တထောင့်တနေရာကနေ ပါဝင်ဆောင်ရွက်နေကြောင်းလည်း စောမင်းခလိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ပုံမှန် ကျနော်တို့ရဲ့အဖွဲ့ကတော့အဓိကကတော့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး Justice and peace ပေါ့လေ။ ပြီးတော့ ရပ်ရွာဖွံ့ဖြိုးရေး community developing ပေါ့။ အဲဒါကို အဓိကထားပြီးတော့ လုပ်တယ်။ ပြီးတော့ youth development လူငယ်ဖွံ့ဖြိုးရေးပေါ့။ ဒီပေါ်မှာမှ ကျနော်တို့ လုပ်ခဲ့တာတော့ အများကြီးပေါ့၊ အခု မြန်မာနိုင်ငံရဲ့အပြောင်းအလဲပေါ်မှာ ကျနော်တို့ရဲ့ အရွေ့။ နိုင်ငံရေးအရွေ့ ကိုယ့်ရဲ့အလုပ်ကို ပြောင်းလာတဲ့အနေအထားမှာရှိတယ်။ အထူးသဖြင့်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက် ဆိုတဲ့နေရာမှာ ကျနော်တို့ရဲ့အဖွဲ့က တထောင့် တနေရာကနေ ပါဝင်ကူညီ ဆောင်ရွက်ပေးထားတဲ့ အပိုင်းတွေတော့ ရှိတယ်ပေါ့။”
ဖန်းဖောင်ဒေးရှင်းက အခုလို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုချီးမြှင့်လာတာနဲ့ ပတ်သက်လို့ ဝမ်းသာကြောင်းနဲ့ သူ့ရဲ့လုပ်ငန်းအတွက် ခွန်အားပေးတဲ့အရာဖြစ်ကြောင်းလည်း စောမင်းခလိန်းက ပြောပါတယ်။
“ကျနော်က အခုလို ဆုရရှိတဲ့ပေါ်မှာ ဝမ်းသာတယ်ပေါ့နော်။ ဝမ်းသာရတဲ့ အကြောင်းအရင်းကလည်းပဲ ကိုယ်တွေကတော့ ဆုရဖို့ထက် ကိုယ့်ရဲ့ ဒေသအကျိုး၊ နိုင်တဲ့ဘက်က ကိုယ့်ရဲ ကွန်မြူနတီအတွက် လုပ်နေတယ်။ အခုလိုမျိုး ဆုရတော့လည်း ကိုယ့်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဝမ်းသာတာပေါ့။ အခုလိုမျိုး ဆုရတဲ့အပေါ်မှာ ကိုယ့်ရဲ့ motivation အများကြီးတက်လာစေတယ်။ လူငယ်ထဲမှာမှ ကိုယ့်ထက်တော်တဲ့ လူငယ်အများကြီး ရှိတယ်။ နောက်ပြီး လူငယ်ခေါင်းဆောင်တွေလည်း အများကြီး ပေါ်လာဦးမယ်ပေါ့နော်။ အဲဒီအခါမှာ သူတို့အနေနဲ့ role model စံပြတယောက်အနေနဲ့ ဒီထက်ပိုပြီးကြိုးစားရမယ်ဆိုတဲ့ အသိစိတ်တခု ဝင်လာတာပေါ့နော်။ ပြီးတော့ သူတို့ ဆုချီးမြှင့်တာတက် အခု ကျနော်ကတော့ ကွန်မြူနတီအတွက် လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လက်ရှိမှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အကျပ်အတည်းကာလမှာ ကူညီစရာတွေ အများကြီးထပ်ပေါ်လာတယ်။ ကူညီခွင့်ရတာကိုလည်း ပိုပြီးတော့ ဝမ်းသာပါတယ်။”
ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို နှစ်စဉ် ကရင်အမျိုးသားနေ့ထူးနေ့မြတ်တွေမှာ ချီးမြှင့်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အခမ်းအနားနဲ့ ပေးအပ်နိုင်မှာမဟုတ်ကြောင်း ဖန်းဖောင်ဒေးရှင်းက ကြေညာထားပါတယ်။ ဂုဏ်ပြုဆုအနေနဲ့ အမေရိကန်ဒေါ်လာ ၄,၀၀၀ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားနေသူ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) အမှုထမ်းဖြစ်တဲ့ စောဆာနေသောက ရရှိခဲ့ပါတယ်။
ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုဟာ မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စတဲ့ ကရင်လူမျိုးအရေးအတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်တွေကို နှစ်စဉ် ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ ကေအန်ယူခေါင်းဆောင် ပဒိုမန်းရှာလားဖန်းရဲ့ သားသမီးတွေက ဖန်းဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာ ဖြစ်ပါတယ်။