ဂျပန်နိုင်ငံအနောက်ဘက် နာရာမြို့ရှိ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ သွေးထွက်သံယို လုပ်ကြံသတ်ဖြတ်ခံရတဲ့ နေရာကို ဝမ်းနည်းပူဆွေးနေတဲ့ ဂျပန်ပြည်သူတွေဟာ ဇူလိုင် ၉ ရက် စနေနေ့မှာ တဖွဲဖွဲ လာရောက် ဂါရဝပြုနေကြပါတယ်။
ရှင်ဇိုအာဘေးလဲကျခဲ့တဲ့ နေရာမှာ မြို့ခံတွေက ပန်းစည်းတွေ လာချထားကြပြီး ဒေသခံ တယောက်ဖြစ်တဲ့ မာရီဟိုင်ရိုင်းက “အရမ်းစိတ်မကောင်းဖြစ်သလို၊ ထိတ်လန့်တုန်လှုပ်မိတယ်”လို့ ပြောပါတယ်။
ရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံ ပြန်လည်နိုးထလာအောင် အစွမ်းကုန်ကြိုးပမ်းခဲ့သူဖြစ်တယ်လို့ ပင်စင်စားဖြစ်တဲ့ တိုရှီယို အိုဇာကီကလည်း ပြောပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်တွေက အာဘေးရဲ့ သတင်းကြောင့် ဝမ်းနည်းတုန်လှုပ်တဲ့အကြောင်း ပြောပါတယ်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါဆီကို ဖုန်းခေါ်ခဲ့ပြီး၊ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမေရိကန်အလံကို တိုင်တဝက် လျော့ချဖို့ အမိန့်ထုတ်ထားတယ်လို့ ပြောပါတယ်။
သမ္မတ ဘိုင်ဒင်ဟာ ဝါရှင်တန်မှာရှိတဲ့ ဂျပန်သံရုံးကိုလည်း သွားရောက်ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် စာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း အစည်းအဝေး မကျင်းပခင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်ခဲ့ပါတယ်။
ခေတ်သစ် ဂျပန်ပြည်မှာ သက်တမ်းအရှည်ကြာဆုံး ခေါင်းဆောင်ဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးဟာရွေးကောက်ပွဲ မဲဆွယ်ပွဲအတွင်း သေနတ်ပစ်ခံလိုက်ပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ရှင်ဇိုအာဘေးဟာ ဇူလိုင် ၈ ရက်မနက်က နာရာမြို့ ရထားဘူတာရုံ အပြင်ဘက်မှာ မဲဆွယ်စည်းရုံးရေးမိန့်ခွန်းပြောနေချိန်မှာ နောက်ကျောဘက်ကနေ သေနတ်သမားရဲ့ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပါတယ်။
ပစ်ခတ်မှုကြောင့် နှလုံးမှာ ပြင်းထန်တဲ့ ဒဏ်ရာ၊ လည်ပင်းရဲ့ ညာဘက်ခြမ်းမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပြီး ဂျပန် စံတော်ချိန် ညနေ ၅ နာရီ ၃ မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ နိုင်ငံကို ထိတ်လန့်တုန်လှုပ်စေတဲ့ နိုင်ငံရေးအကြမ်းဖက်မှုဖြစ်ပြီး ဂျပန်နိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံလို လက်နက်ကိုင်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားတဲ့ နိုင်ငံမှာ ထိပ်တန်း နိုင်ငံရေးသမားတယောက် အခုလို သေနတ်နဲ့ လုပ်ကြံခံရတာဟာ တနိုင်ငံလုံး အံ့သြတုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။
ပစ်ခတ်မှု ဖြစ်တဲ့ ခဏအတွင်းမှာပဲ လုံခြုံရေးတွေက တီရှပ် မီးခိုးရောင်၊ အဝါနုရောင် ဘောင်းဘီ ဝတ်ထားတဲ့ သေနတ်သမား အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် သေနတ်သမားက သူ့ သေနတ်ဟာ အိမ်လုပ် သေနတ် ဖြစ်တယ်လို့ ပြောတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဂျပန်ရုပ်မြင်သံကြားနဲ့ အခင်းဖြစ်တဲ့ အချိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယို၊ ဓာတ်ပုံတွေထဲမှာတော့ သေနတ်သမားဟာ မီးခိုးရောင် ပိုလို တီရှုပ်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ သေနတ်သမားက သူ ပစ်ခတ်တာ မှန်ကန်တဲ့အကြောင်း ဝန်ခံတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ သေနတ်က သတ္တု၊ သစ်သားတွေကို သုံးပြီး အိမ်မှာပဲ လုပ်ခဲ့တာလို့ ဆိုပါတယ်။ သေနတ်သမားရဲ့ နာမည်ကို တက်စုယာ ယာမာဂါမီလို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ဒေသခံရဲတွေရဲ့ ပြောကြားချက်အရ သေနတ်သမားမှာ အသက် ၄၁ နှစ်အရွယ် နာရာဒေသခံ အလုပ်လက်မဲ့တယောက် ဖြစ်ပြီး သူဟာ သက်ဆိုင်ရာအဖွဲ့အစည်းကို ရန်ငြှိုးထားရှိကာ အာဘေးက အဲ့ဒီမှာ တစိတ်တပိုင်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။
သူဟာ နာရာမြို့ ခံဖြစ်ပြီး၊ နာရာမြို့က သူ့ နေအိမ်တိုက်ခန်းထဲကို ရဲက ဝင်ရောက် ရှာဖွေတဲ့အချိန်မှာတော့တခြား လက်လုပ်သေနတ်တွေကို တွေ့ပါတယ်။ သူတယောက်တည်းက စီစဉ်တာလားဆိုတာကိုတော့ စုံစမ်းနေဆဲပါ။
ရှင်ဇိုအာဘေးဟာ ဂျပန်ဝန်ကြီးချုပ်အဖြစ် သက်တမ်း နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဂျပန်မှာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) မှာ သြဇာကြီးမားနေဆဲမှာ အခုလို လုပ်ကြံခံလိုက်ရတာပါ။
အာဘေးဟာ ချမ်းသာတဲ့ မျိုးရိုး၊ သြဇာကြီးတဲ့ နိုင်ငံရေးမိသားစုကနေ ပေါက်ဖွားလာသူ ဖြစ်ပြီး သူ့ဖခင်က နိုင်ငံခြားရေး ဝန်ကြီး၊ အဘိုးက ဂျပန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အခုအဖြစ်အပျက်ဟာ ဂျပန်နိုင်ငံမှာ ၁၉၃၆ ခုနှစ် နောက်ပိုင်း နိုင်ငံခေါင်းဆောင်၊ ဒါမှမဟုတ် ခေါင်းဆောင်ဟောင်းတယောက်ကို လုပ်ကြံသတ်ဖြတ်တာ ပထမဆုံး ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း နှစ်ယောက်အပါအဝင် ထိပ်တန်း နိုင်ငံရေးသမားတွေ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရဖူးပါတယ်။