ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ မတ် ၅ ရက်နေ့ ညပိုင်းက မီးလောင်မှုကြောင့် နေအိမ် ၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ကျုံဒိုင်းကလေးကျေးရွာနေ ဦးစံဝင်းရဲ့ နေအိမ်မီးဖိုချောင် မီးကြွင်းမီးကျန်ကတဆင့် ဓနိကိုမီးကူးစက်ပြီး ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ စတင်လောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“လူခြေတိတ်ချိန်ဆိုတော့ ပိုဆိုးသွားတာ အားလုံးဆို အိမ်တော်တော်ပါသွားတယ်။ မီးသတ်ကလည်း ရောက်လာတာ နောက်ကျတယ်၊ ခုတော့ ဘုန်းကြီးကျောင်းပို့ပေးထားရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုကြောင့် လူနဲ့တိရစ္ဆာန်ထိခိုက်သေဆုံးတာ မရှိပေမယ့် လူဦးရေ ၁၄၃ ဦး မီးဘေးသင့်ခဲ့တာကြောင့် ကျေးရွာဘုန်ကြီးကျောင်းကို ပို့ဆောင်ပြီး ယာယီနေထိုင်ဖို့ စီစဥ်ပေးနေရတယ်လို့ ဆိုပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးစတင်လောင်ကျွမ်း တဲ့နေအိမ်ပိုင်ရှင် ဦးစံဝင်းကို ဇရပ်လှကြီးနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၁၂ ရက်မနက်က ရွာသားတွေ စုပေါင်းလုပ်အားပေး လမ်းခင်းစဉ် ကောင်းကင်မှ စစ်ရဟတ်ယာဉ်နဲ့ လာရောက်လှည့်ပတ်ကြည့်ရှုနေတဲ့အတွက် နေအိမ်တွေပေါ် ပျက်ကျမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံတိုင်းကလေးကျေးရွာအုပ်စုက ရွာတစ်ရွာမှာ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က စတင်ကာ ရွာသားတွေ စုပေါင်း လမ်းခင်းနေတာကို ဆန္ဒပြတယ်ထင်ပြီး ရဟတ်ယာဉ်နဲ့ အနိမ့်ပျံသန်း စောင့်ကြည့်သွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းခင်းတာဆိုတော့ ပေါက်တူးတို့ ဂေါ်ပြားတို့ ပါတာပေါ့။ လက်မြှောက်ပြီး လုပ်နေကြရတာဆိုတော့ သူတို့ဘက်က ဆန္ဒပြတယ် ထင်တာလား၊ စစ်ရေးပြလုပ်နေတယ် ထင်တာလား မသိဘူး။ နိမ့်နိမ့်လေးက ပတ်နေတာ ခဏ ခဏဆိုတော့ ရွာသားတွေက ကြောက်ပြီး ဆက်မလုပ်ကြတော့ဘူး။”
ရဟတ်ယာဉ်က ရွာတဝိုက်ကို ၁၀ ခေါက်လောက် လှည့်ပတ်ကြည့်နေတာကြောင့် ဒေသခံရွာသားတွေက သူတို့ နေအိမ်တွေပေါ်ပျက်ကျမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။