close

ပန်းတောင်းမြို့နယ်

close

November 13, 2021

ပန်းတောင်းမြို့နယ်တွင် တရက်တည်း ၃ နေရာဗုံးကွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ နိုဝင်ဘာလ ၁၃ ရက် ဒီနေ့ တရက်တည်း  ပန်းတောင်းမြို့နယ်စည်ပင်ရုံးအပါအဝင်   ၃ နေရာမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ပန်းတောင်းမြို့နယ်စည်ပင်ရုံး၊ မနက် ၇ နာရီခွဲလောက်မှာ ဆင်တဲအုပ်ချုပ်ရေးမှူးရုံးတွေမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာ။ လူထိခိုက်မှုတော့ မသိရသေးဘူး'' လို့  ပန်းတောင်းဒေသခံက ပြောပြပါတယ်။

မနက် ၈ နာရီဝန်းကျင်လောက်ကလည်း ပန်းတောင်းမြို့နယ်ထဲက နတ်မောက်ကျေးရွာက Mytel တာဝါတိုင်တို့မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ နတ်မောက်ရွာခံတဦးဆီက သိရပါတယ်။

အဆိုပါဖောက်ခွဲမှုတွေကို ပန်းတောင်း-ရိုးမ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက ပြည်မြို့မှာ အဖမ်းအဆီးအစစ်အဆေးတွေ ဆက်တိုက်ပြုလုပ်နေလို့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပန်းတောင်း-ရိုးမ PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက အတည်ပြုပြော ပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုတွေကို  အသေးစိတ်သိရှိနိုင်ဖို့ ပန်းတောင်းမြို့နယ်စည်ပင်ရုံးနဲ့ ဆင်တဲအုပ်ချုပ်ရေးမှူးရုံးတွေကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ပန်းတောင်းမြို့နယ်စည်ပင်ရုံးဝန်ထမ်းတဦးက ''မနက်အစောကြီးဆိုတော့ ဝန်ထမ်းတွေမရှိသေးတာရယ်။ ရုံးပိတ်ရက်ရယ်ဖြစ်နေတော့ လူအထိအခိုက်တော့မရှိဘူး။ အဆောက်အဦတော့ ဗုံးစတွေမှန်တယ်ကြားတယ်။ ကျနော်တို့လည်းကြောက်လို့ ရုံးကိုသွားမကြည့်ဘူး။ ရုံးဖွင့်ရက်မှ သိရမှာဘဲ'' လို့ ပြောပြပါတယ်။

ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက်  စစ်ကောင်စီတပ်တွေဟာ ဆင်တဲမြို့ဒေသခံလူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကသိရ ပန်းတောင်းမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ''မသိဘူးကွာ'' လို့ တာဝန်ကျရဲက ပြန်လည်ဖြေဆိုခဲ့ပါတယ်။

12 hours Ago
Up