ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကတ် (အလုပ်လုပ်ခွင့်လက်မှတ်) ပြုလုပ်ဖို့ ပွဲစားအချို့က ကြိုတင် စာရင်းကောက်တာ၊ ကြိုတင်ငွေ တောင်းခံတာတွေ ရှိနေပြီး ငွေကြေး အလိမ်မခံရအောင် အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက သတိပေးလိုက်ပါတယ်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားတွေအတွက် ထုတ်ပေးတဲ့ ပန်းရောင်ကတ်ကို ထိုင်းအစိုးရ တရားဝင် မထုတ်ပြန်သေးခင် လုပ်သားတွေအနေနဲ့ ငွေကြိုပေးစရာမလိုဘဲ အလိမ်မခံရအောင် MHAC မဟာမိတ်အဖွဲ့ က သတိပေး ပြောဆိုလိုက်တာပါ။
"အဓိကကတော့ ဒီလိုဖြစ်စဉ်တွေဟာ အရင် ပန်းရောင်ကတ်တွေ လုပ်တိုင်းလုပ်တိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်။ အဲ့လိုပဲ ပန်းရောင်ကတ်လုပ်မယ်လို့ သတင်းလေး နည်းနည်းကြားရင် ကြိုကောက်ထား၊ သူ့ဘာသူ လုပ်ဖြစ်သည်ဖြစ်စေ မလုပ်ဖြစ်သည်ဖြစ်စေ၊ မှန်မှန်ကန်ကန် လုပ်တဲ့ ပွဲစားတွေ ရှိတယ်။ အဲ့လိုပဲ ငွေကြိုကောက်ထားပြီး တကယ်လည်း ပန်းရောင်ကတ်လုပ်ရော ပိုက်ဆံပြန်မပေးတဲ့ ပွဲစားတွေလည်း အင်မတန် များတယ်။ အဲ့လို တိုင်ချက်တွေလည်း ဖုန်းက ကိုင်လို့ မနိုင်အောင် လာကြတယ်။
"အမှန်ဆို ပန်းရောင်ကတ်လုပ်တာက ထိုင်းအစိုးရက အသံလေးထွက်ရုံရှိသေးတယ်။ ပိုက်ဆံတွေ ကြိုကောက်နေကြတာ။ နောက်တချက်က ပန်းရောင်ကတ်လုပ်ဖို့ကို စာရင်းပေးတာ နာမည်စာရင်း ပေးတာကို လက်ခံတယ်။ ငွေကြိုကောက်တာကို လုပ်စရာ မရှိဘူး။ ငွေကြိုပေးတာတွေ၊ အလိမ်ခံရတဲ့ အလုပ်သမားတွေက ခေတ်အဆက်ဆက် ရှိခဲ့တယ်။ လက်တွေ့လည်း ကြုံခဲ့တယ်။ ပန်းရောင်ကတ်ကို ပိုက်ဆံ ကြိုကောက်တာ မှားနေတယ်"လို့ MHAC (Myanmar Humanitarian Action Center) ဥက္ကဋ္ဌ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပန်းရောင်ကတ်တွေကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းက ထုတ်ပေးခဲ့တာပါ။ ဒီနှစ်မှာတော့ အသစ်လုပ်ပေးမယ့်အချိန်ကို တရားဝင် မထုတ်ပြန်သေးပေမယ့် ပန်းရောင်ကတ် အသစ် ရိုက်ပေးမယ်ဆိုတဲ့ သတင်းတွေကြောင့် လူမှုကွန်ရက် စာမျက်နှာတွေမှာ ကြိုတင် စာရင်းပေးလို့ရကြောင်း ကြေညာတာတွေ ရှိပါတယ်။
ပုံမှန်အားဖြင့် ပန်းရောင်ကတ် ပြုလုပ်ခဟာ တနှစ်နဲ့ တနှစ် လုပ်ဆောင်ရတဲ့ ပုံစံ၊ ပေးချေရတဲ့ ကုန်ကျငွေ မတူညီဘဲ ထိုင်းအစိုးရ တရားဝင် ကောက်ခံတဲ့ငွေနဲ့ ပွဲစားတွေကို ပေးဆောင်ရတဲ့ ငွေက ၁၀ ဆလောက် ကွာဟတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ ပွဲစားတွေကနေ ကြိုတင်ငွေယူ လိမ်လည်တဲ့ ဖြစ်စဉ်တွေဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီး၊ ငွေအလိမ်ခံရရင် သက်သေ အထောက်အထား အပြည့်အစုံရှိမှဘဲ ထိထိရောက်ရောက် ကူညီပေးနိုင်တာလို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က ပြောပါတယ်။
"ပန်းရောင်ကတ်တွေ ပြုလုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ မပြုလုပ်တဲ့အချိန်မှာ ကြိုတင်ငွေယူ လိမ်တာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှာ ပွဲစားလိမ်လည်မှုတွေက အဆိုးဝါးဆုံး အခြေအနေရောက်တယ်။ ကျနော်တို့ ထိပ်တိုက် ဖြေရှင်းတဲ့အခါ အောင်မြင်တာတွေ ရှိတယ်။ မအောင်မြင်တာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို အချက်အလက် အပြည့်အစုံ ရထားမှ အမှုတွေ သွားဖွင့်လို့ရမှာ။"
"ဒါပေမဲ့ ကျနော်တို့ မြန်မာလူမျိုး တော်တော်များများမှာ အချက်အလက် အထောက်အထား အပြည့်အစုံ မရှိလို့ တချို့ ကိစ္စတွေမှာ ထိရောက်စွာ ကူညီနိုင်တာ မရှိပါဘူး။ ကျနော်တို့ဆီ လာအကူညီတောင်းရင် အသေးစိတ်စစ်ရတယ်။ အဲဒီအခါ တင်ပြနိုင်တဲ့ အထောက်အထား ရအောင် တောင်းရတယ်။ အဲဒါတွေ တခုမှ မတင်ပြနိုင်ရင် အောင်မြင်စွာ ဖြေရှင်းဖို့က ခက်တယ်" လို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ် ပြုလုပ်ခ အလုပ်သမားတဦးကို ဘတ် ၁၀၀ နဲ့ အလုပ်လုပ်ကိုင်ခွင့် စာအုပ်အတွက် ဘတ် ၉၀၀ သာ ထိုင်းအစိုးရဆီ တရားဝင် ပေးချေရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ထိုင်းဘတ် ၁ သောင်းခွဲလောက်အထိ ပွဲစားတွေကို ပေးရတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
ပန်းရောင်ကတ်ဟာ တနှစ်ကို သက်တမ်း ၂ ကြိမ် တိုးခွင့်ရှိပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ်နဲ့ အလုပ်လုပ်ကိုင်သူ အလုပ်သမားအရေအတွက် ၇ သိန်း နီးပါးရှိတယ်လို့ သိရပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားပေါင်း ၅ သန်းနီးပါး ရှိပြီလို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ဗဟိုမှတ်ပုံတင်ရုံးမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်နေထိုင်ခွင့် ကတ်ပြားတွေ ထုတ်ပေးနေရာမှာ သတ်မှတ်နှုန်းထား ဘတ် ၈၀ ထက် ဘတ် ၄၀၀ ပိုကောက်ခံနေလို့ အေဂျင်စီတခုက သက်ဆိုင်ရာကို တိုင်ကြားထားတာမှာ ဒေသတွင်း နိုင်ငံရေးသမားရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ရွှေ့ပြောင်းလုပ်သားမှတ်ပုံတင်ထုတ်ပေးရေးဌာန အလှည့်ကျကြီးကြပ်ရေးမှူးလည်းဖြစ်၊ ဆန်ဆိုင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ နိုင်းဘွန်းယရစ် နိပ်ဝနစ်က ပန်းရောင်ကတ် ထုတ်ပေးနေတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက် စစ်ဆေးပြီးတဲ့နောက် နယ်မြေခံနိုင်ငံရေးသမားရဲ့ တပည့်တွေလို့ပြောတဲ့ လူတချို့ဟာ တိုင်တန်းချက်ပေးပို့တဲ့ အေဂျင်စီထံ ရောက်လာပြီး တိုင်တန်းထားတာတွေ ပြန်ရုပ်သိမ်းဖို့၊ တိုင်တောမှုတွေ ရပ်တန်းကရပ်ဖို့ ပြောဆို ခြိမ်းခြောက်သွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အေဂျင်စီကတော့ တိုင်ကြားမှုကို နောက်ဆုတ်မှာမဟုတ်ဘဲ ထိရောက်စွာ အရေးယူနိုင်ဖို့ တိုင်ကြားသွားမယ်လို့ ပြောကြောင်း၊ မနေ့ကလည်း ဒွိုင်စကစ်မြို့နယ်စခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး တခြားနစ်နာသူတွေလည်း ရဲစခန်းမှာ ဆက်လက်သွားရောက်တိုင်ကြားဖို့ ရှိနေတယ်လို့ ဆန်ဆိုင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူး နိုင်းဘွန်းယရစ်က သတင်းထောက်တွေကို ပြောပါတယ်။
သူ့အနေနဲ့လည်း ငွေလွှဲထားတဲ့ အထောက်အထား၊ စစ်ဆေးတွေ့ရှိချက် သက်သေတွေနဲ့အတူ ဒီဖြစ်စဉ်မှာ အဓိကတရားခံ ၃ ဦးကိုရော ပူးပေါင်းပါဝင်သူတွေ အားလုံးကို ထိရောက်စွာ အရေးယူပေးဖို့ တိုင်ကြားစာတစောင်ကို မနေ့က ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကြီးကြပ်ရေးမှူးက သွားရောက်စစ်ဆေးပြီးတဲ့နောက်ပိုင်း အဆိုပါ တန်းစီ လက်မှတ်ရောင်းတဲ့သူတွေ၊ ပန်းရောင်ကတ် ထုတ်ပေးနေတဲ့ အပြင်လူတွေ လာရောက်ခြင်း မရှိတော့ကြောင်း၊ ဒါပေမဲ့ သူတို့ဆီမှာ ဌာနပိုင်ပစ္စည်း ငွေလက်ခံမိတ္တူ ဘောက်ချာတွေ ပါသွားခြင်း ရှိမရှိကို ဆက်လက်စစ်ဆေးရဦးမယ်လို့ နိုင်းဘွန်းယရစ်က ပြောသွားပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအတွက် နေထိုင်ခွင့် ပန်းရောင်ကတ်ပြားတွေကို ဒီနှစ် ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိသာ ဆောင်ရွက်ပေးနေရာမှာ အလုပ်သမားတွေအနေနဲ့ အလှည့်ကျ တန်းစီ တိုကင်လက်မှတ်တွေကို အွန်လိုင်းကနေ အရင်ယူထားရပါတယ်။ ဒါပေမဲ့ ပွဲစားတွေက အရင်ဦးအောင် သွားထုတ်ထားပြီး မှတ်ပုံတင်ရုံးရှေ့မှာ အနည်းဆုံး ဘတ် ၄၀၀ နဲ့ ပြန်ရောင်းနေတာပါ။
အလုပ်သမားအများစုဟာ အင်တာနက် အွန်လိုင်း မသုံးတတ်တာက တကြောင်း၊ သုံးတတ်သူတွေကလည်း အွန်လိုင်းတိုကင်လက်မှတ် တော်တော်နဲ့ မရတာက တကြောင်း၊ မှတ်ပုံတင်ဌာနမှာ တနေ့ကို လူ ၃၀၀ သာ ထုတ်ပေးလို့ ရပ်ဝေးကနေလာတဲ့ အလုပ်သမားတွေအနေနဲ့ တနေ့တည်း အပြီးလုပ်ချင်ရင် ပွဲစားနဲ့ ဝန်ထမ်း လက်ဝါးရိုက်ပြီး ရောင်းထားတဲ့ တိုကင်လက်မှတ်ကို ဘတ် ၁,၀၀၀ ထိပေးပြီး ဝယ်နေရတာ ဖြစ်ပါတယ်။
ကိုးကား - mgronline.com