close

ပပျောက်ရေး

close

October 19, 2022

တောင်းရမ်းစားသူနှင့်ကလေးလုပ်သားပပျောက်ရေး လုပ်ဆောင်မှု ဟန်ပြသာဖြစ်ဟု နေပြည်တော် ဒေသခံများ ဝေဖန်

စစ်ကောင်စီ လက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ နေပြည်တော်အတွင်း တောင်းရမ်းစားသောက်သူတွေနဲ့ ကလေးလုပ်သားပပျောက်စေရေး လိုက်လံဆောင်ရွက်နေမှု တွေဟာ အပေါ်ယံဟန်ပြသက်သက်သာ ဖြစ်နေတယ်လို့ နေပြည်တော်ဒေသခံတွေက ဝေဖန်နေကြပါတယ်။

လူကယ်ပြန်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ပြီး အောက်တိုဘာ ၁၈ ရက်က နေပြည်တော်အတွင်း မြို့နယ်တွေမှာ တောင်းရမ်းသူတွေနဲ့ ကလေးလုပ်သားပပျောက်စေရေးဆိုပြီး လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့တာပါ။ 

ဒီလိုဆောင်ရွက်ရာမှာ ဇ‌မ္ဗူသီရိမြို့နယ်အတွင်းမှာ ပန်းရောင်းနေသူ ကလေးငယ် ၂ ဦးက လွဲပြီး တခြားထူးခြားဖြစ်စဉ်မတွေ့ရဘူးလို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"သူတို့လိုက်စစ်နေတဲ့အချိန်မှာတော့ ဘယ်တွေ့မလဲ။ ရှောင်နေကြတာပေါ့။ အခုပဲကြည့်လေ၊ ပျဉ်းမနားမှာ တောင်းတဲ့သူတွေမှ နေရာတိုင်းမှာရှိတယ်။ အသက်ကြီးတဲ့သူတွေရော၊ ကလေးတွေရော။ အဲ့ဒီတော့ သူတို့လုပ်တာ အပိုလုပ်နေသလိုဖြစ်နေတာပေါ့" လို့ ပျဉ်းမနားမြို့နေပြည်သူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဝန်ထမ်းတွေနဲ့ နေပြည်တော်ကောင်စီဝင်တွေ လိုက်လံစစ်ဆေးခဲ့ပြီး နောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၉ ရက်မှာတော့ နေပြည်တော်အတွင်းက လူစည်ကားရာ နေရာတွေမှာ တောင်းရမ်းသူတွေက ပုံမှန်ပြန်ရှိနေမြဲပဲဖြစ်ပါတယ်။

"အခုနှစ်တွေမှာ ပိုများလာတယ်။ လိုက်တောင်းတဲ့ ကလေးလေးတွေဆို အတင်းလက်ဆွဲပြီးကို တောင်းတာ။ တချို့တွေဆို ထမင်းချိုင့်တွေဘာတွေနဲ့ကို လာပြီးတောင်းတာ" လို့ ပျဉ်းမနားမြို့နေသူက ပြောပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်လာမှုတွေကြောင့် အမှန်တကယ် စားဝတ်နေရေးခက်ခဲတဲ့ တောင်းရမ်းသူတွေရှိသလို မိဘအချို့က ကလေးတွေကို  တနေ့ဘယ်လောက်နှုန်း သတ်မှတ်ပြီး တောင်းခိုင်းနေတာတွေလည်း ရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

10 hours Ago

October 29, 2019

ကန်ကျွန်စနစ်ပပျောက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးအကြောင်း ရုပ်ရှင်-Harriet (နမူနာ)

အမေရိကန်သမိုင်းနဲ့ ဖြစ်ရပ်မှန်အထုပ္ပတ္တိဒရာမာ ရုပ်ရှင်ကားတကားဖြစ်တဲ့ Harriet ကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဟောလိဝုဒ် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Kasi Lemmons က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်မတိုင်ခင်နဲ့ ပြည်တွင်းစစ်ကာလတွေအတွင်း ကျွန်စနစ်ပပျောက်ရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ အမျိုးသမီး Harriet Tubman အကြောင်းကို ရိုက်ကူးထားတာပါ။ ရာနဲ့ချီတဲ့ ကျွန်ပြုခံရသူတွေကို လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့ သူ့ရဲ့အကြောင်းကို ဘယ်လို ပုံဖော်ထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် လူမည်းအမျိုးသမီး သရုပ်ဆောင် Cynthia Erivo က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ Leslie Odom Jr. ၊ Joe Alwyn ၊ Janelle Monáe စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။ ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
3 years Ago
Up